ရခိုင်ပြည်နယ် ပဋိပက္ခလေ့လာရန် သုတေသန စင်တာ ဖွဲ့မည်

ရခိုင်ပြည်နယ် ပဋိပက္ခလေ့လာရန် သုတေသန စင်တာ ဖွဲ့မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပဋိပက္ခကို လေ့လာရန် သုတေသန ပညာရှင်များပါ၀င်သော  သုတေသန စင်တာတစ်ခုကို ဖွဲ့စည်း သွားမည်ဟု သိရှိသည်။

ဒီဇင်္ဘာလ ၉ ရက် ယမန်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  နိုင်ငံတော် သမ္မတ ဒေါက်တာ စိုင်းမောက်ခန်းက ရခိုင် ပဋိပက္ခကို လေ့လာရန် သုတေသန စင်တာ တစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယမန်နေ့က အစည်းအဝေးတွင် အမှာစကား ပြောနေစဉ်။ (ဓါတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန)

အမှတ်စဉ် (၈/၂၀၁၃)ဖြင့် ပြုလုပ်သော ၎င်းအစည်းအဝေးတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ရခိုင်ပြည်နယ် ပဋိပက္ခ သုတေသန စင်တာကို သုတေသနပညာရှင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊  နှစ်ဖက်အဖွဲ့အစည်းများ၏ အခြေအနေကို သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လက်ရှိ အစိုးရမှ ဖွဲ့ထားသော “ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ” လည်း ဖြစ်သည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယမန်နေ့က ပြုလုပ်သော အစည်းအဝေးကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော် နာယကနှင့် ရခိုင်မိသားစုတို့ တွေ့ဆုံပွဲ တင်ပြချက်၊  OIC မှ  လူသားချင်း စာနာမှု အကူအညီများကို မျှမျှတတလုပ်ဆောင်သွားမည်ဆိုသည့် ကိစ္စရပ်၊  တရားဝင်နေထိုင်သူ ဟုတ်၊ မဟုတ် စီစစ်ရေး ကိစ္စ၊  တည်ငြိမ် အေးချမ်းရေးနှင့် ဒေသအတွင်း ယာယီနေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး ကိစ္စကိုလည်း  ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က တင်ပြခဲ့သည်ဟု သိရသည်။

များမကြာမီက  ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သူ ရခိုင် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်း ရေးမှူး ဒေါက်တာကျော်ရင်လှိုင်က ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှစ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် တင်ပြခဲ့သည်ဟု ဆိုသည်။

Most read this week