ပေါက်တောမြို့တွင် ဦးဥတ္တမ ကြေးသွန်းရုပ်ထု တည်ဆောက်ရန် ကော်မီတီဖွဲ့စည်း

ပေါက်တောမြို့တွင် ဦးဥတ္တမ ကြေးသွန်းရုပ်ထု တည်ဆောက်ရန် ကော်မီတီဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမကြေးသွန်း ရုပ်ထု တစ်ခုကို တည်ဆောက်ရန်အတွက် ကော်မီတီ တစ်ခုကို ဖွဲ့စည်းလိုက်ပြီဟု သတင်း ရရှိသည်။

၎င်းကော်မီတီအား ပေါက်တောမြို့နယ် အတွင်းရှိ ဆရာတော်၊ သံဃာတော်များက ဦးဆောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ကြေးရုပ်ထု ဖြစ်မြှောက်ရေး အတွက် စတင် လူပ်ရှား ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ပေါက်တောမြို့နယ်၊ ဒါးကိုင်ရွာ၊ ဓမ္မနန္ဒဝန်ကျောင်းတိုက် ဆရာတော် ဦးအဥ္စနက ပြောသည်။

ဆရာတော်က “ ကြေးရုပ်ထု အတွက် လိုအပ်တဲ့ ငွေတွေကို ဆရာတော်တွေက စိုက်ထည့်ကြမယ့် အပြင် ပေါက်တော မြို့နယ်ရှိ လူမှုအဖွဲ့အစည်းတွေ၊  လူငယ်အဖွဲ့အစည်းတွေနဲ့  ချိတ်ဆက်ပူးပေါင်းပြီးရန်ပုံငွေ တွေ ရှာဖွေ ကြမယ်။ ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခွဲတွေ၊ အလှူခံ ဌာနတွေကို ပါ ဖွင့်လှစ် ဖွဲ့စည်းပြီး အလှူငွေတွေ စုဆောင်းကောက်ခံသွားဖို့ စီစဉ်နေပါတယ်” ဟု ဆိုသည်။

ကြေးသွန်းရုပ်ထု တည်ဆောက်မည့် နေရာအား ပေါက်တောမြို့ အလေးမခန်းမအနီးရှိ မြေနေရာကိုသတ်မှတ် ထားကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း ယင်းကဆိုသည်။

ဆရာတော်ဦးဥတ္တမမှာ ရခိုင်အမျိုးသားများ သာမက မြန်မာတိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကပါ လေးစားရ သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် ပေါက်တောမြို့နယ် လူထုကလည်း ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို အောက်မေ့ ဂုဏ်ပြုသောအားဖြင့် ယခုလို ကြေးရုပ်ထု တစ်ခုကို တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆရာတော်က ပြောသည်။

“ ဆရာတော် ဦးဥတ္တမ ယင်းခေတ် ယင်းအချိန်ကဆိုရင် ရခိုင်တွေ အပါအဝင် မြန်မာနိုင်ငံသားတွေသာမက ဂျပန်၊ အိန္ဒိယ၊ တရုတ်ပြည်က ခေါင်းဆောင်တွေကပါ လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ထောင်ကျမှာကို မကြောက်ရွှံ့ဘဲ အင်္ဂလိပ် အစိုးရကို ဆန့်ကျင်ရေးတရား တွေကို ဟောခဲ့တယ်။ သူရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး မြန်မာ နိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည်တစ်ဦး ဖြစ်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ပေါက်တောမြို့နယ်သူ မြို့နယ် သားတွေကလည်း အောက်မေ့ ဂုဏ်ပြုသင့်တယ်လို့ ဆရာတော်တို့ ခံယူပြီး ခုလို ကော်မီတီ ဖွဲ့စည်းပြီး ဆရာတော် ရုပ်ထုကို တည်ထားဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခင်ကတည်းက ဆရာတော် ဦးဥတ္တမ ရုပ်ထု တစ်ခုအား ပေါက်တောမြို့တွင် တည်ထားချင်သော်လည်း အခြေအနေနှင့် အခွင့်အခါ မပေးခဲ့သဖြင့် တည်ထားနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံမှာ ပွင့်လင်းလာပြီး အခြေအနေများလည်း ကောင်းမွန်စပြုလာပြီ ဖြစ်သဖြင့် တည်ထားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဆရာတော်က ဆိုသည်။

ဆရာတော်ဥတ္တမ၏ ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေးကို  စိတ်ဝင်စားသူများသည်  ဘဝမ်းကျောင်း ဆရာတော် ( ဖုံး- ၀၉၂၅၀၃၂၇၁၁၀) ၊ စန္ဒာရာမ ကျောင်းတိုက် ဆရာတော်  ဦးစန္ဒသီရ (ဖုံး- ၀၉၄၂၁၇၄၆၁၉၀)၊ ပေါက်တောမြို့နယ်- မနော်သီရိကျောင်းတိုက် ဆရာတော် ဦးဝဏ္ဓ္ဏဓဇ (ဖုံး- ၀၉၄၂၁၇၁၁၉၁၁)၊ ပေါက်တောမြို့နယ်- ဒါးကိုင်ရွာ၊ ဓမ္မနန္ဒဝန်ကျောင်းတိုက် ဆရာတော်  ဦးအဥ္စန (ဖုံးဝ၉၂၅၀၃၃၁၄၃၆) တို့ထံ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။

Most read this week