သံတွဲမြို့နယ်တွင် အဖမ်းခံထားရသူ ၉ ဦး အာမခံဖြင့် လွတ်မြောက်လာ

သံတွဲမြို့နယ်တွင် အဖမ်းခံထားရသူ ၉ ဦး အာမခံဖြင့် လွတ်မြောက်လာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ရခိုင်အမျိုးသား ၉ ဦး အာမခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြန်လည် လွှတ်မြောက်လာခဲ့သည်ဟု သတင်း ရရှိသည်။

သူတို့အား ယမန်နေ့ (ဒီဇင်္ဘာလ ၃ ရက်နေ့) က အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သံတွဲ လူမူကွန်ယက် ဥက္ကဌ ကိုစိန်ချစ်က ပြောသည်။

than toy prisoner

ကိုစိန်ချစ်က “ RNDP သံတွဲမြို့နယ် ဥက္ကဌ ကိုမောင်ပုနဲ့ နောက်ထပ် ၈ ယောက်၊ စုစုပေါင်း ၉ ယောက် အာမခံနဲ့ မနေ့က လွှတ်မြောက်လာပါတယ်။ သူတို့နဲ့ အမူတွဲ ၁၁ ယောက်မှာ နှစ်ဦးကတော့ ကျန်နေခဲ့တယ်ဗျ။ အာမခံ မရဘူး” ဟု ဆိုသည်။

လွှတ်မြောက်လာသူ ၉ ယောက်မှာ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးမောင်ပု (ခေါ်) ဦးစောလိူင်၊ ကိုကျော်ကျော်၊ ကိုညီ၊ ကိုတင့်လွှင်၊ ကိုစံထွန်း၊ ကိုသိန်းဇံ၊ ကို ထွန်းဖေ၊ ကိုဝင်းနိုင်နဲ့ ကိုဌေးအောင် တို့ ဖြစ်ကြသည်။

အာမခံမရဘဲ ထောင်ထဲတွင် ကျန်နေခဲ့သူ နှစ်ဦးမှာ ကိုမြင့်မိုးနဲ့ ကိုသိန်းဝင်းတို့ ဖြစ်ကြပြီး ထောင်ထဲတွင် အနည်းအကျဉ်း ပြဿနာ ဖြစ်ပွားခဲ့ပုံရ၍ အာမခံ မရခြင်း ဖြစ်နိုင်ကြောင်း ကိုစိန်ချစ်က ဆိုသည်။

“ ကျနော် အတိအကျတော့ မသိဘူး။ သူတို့ အမူတွဲ ၁၁ ဦးမှှာ ၂ ဦးက ကျန်နေခဲ့တဲ့ အကြောင်းက ထောင်ထဲမှာ အချုပ်သား အချင်းချင်း ပြဿနာ နည်းနည်း ဖြစ်ပွားခဲ့တဲ့အတွက် အာမခံ မရတဲ့ အနေအထားမျိုးလို့တော့ ကြားရပါတယ်။ အတိအကျတော့ ကျနော်လည်း မပြောတတ်ဘူး” ဟု သူက ဆိုသည်။

သံတွဲ ပဋိပက္ခနှင့် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၈၀ ကျော်ရှိကြောင်း၊ ယခု ၉ ဦး လွှတ်မြောက်လာသဖြင့် နောက်ထပ် ရခိုင် ရ၀ ကျော် ကျန်နေပါသေးကြောင်း၊ စာရင်းအတိအကျကို လက်တန်း မပြောနိုင်ပါကြောင်း ကိုစိန်ချစ်က ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရသူများထဲမှ RNDP မြို့နယ် ဥက္ကဌ ဦးမောင်ပု အပါအဝင် လူ ၉ ဦးကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ အာမခံဖြင့် လွှတ်ပေးလိုက်သည့် အပေါ် ကြိုဆိုကြောင်း RNDP (ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောကြားသည်။

“ ခုလို အာမခံနဲ့ လွှတ်ပေးလိုက်တဲ့့ အပေါ်မှာတော့ ကျနော်တို့ ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း အမူတွေက ကျန်နေသေးတော့ တကယ်လို့ သူတို့ဟာ ပဋိပက္ခအတွင်း ပါ၀င်ပတ်သက်မူ တစ်စုံတစ်ရာ မရှိဘူးဆိုရင်တော့ ချွင်းချက် မရှိ လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

သံတွဲ ပဋိပက္ခနှင့် ဆက်စပ်ပြီး ရခိုင်အမျိုးသား ၈၀ ကျော်နှင့် မွတ်ဆလင် ၁၅ ဦးခန့်ကို ဖမ်းဆီး အရေး ယူထားကြောင်း သံတွဲ ဒေသခံများက ပြောဆိုသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီထားသူ ၂၂ ဦးသာ ရှိပြီး ကျန် ရ၁ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ပြောကြားသည်။

နိုဝင်္ဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် “၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် အားပေးအားမြှောက်ပြုလုပ်သူများ၊ ကိုယ်တိုင်ပြစ် မှုကျူးလွန်သူများ၊ နောက်ကွယ်မှပဋိပက္ခများဖြစ်ပေါ်စေရန် ကြိုးကိုင်သူများစသည့် ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်၍ အထူးအမှုစစ်အဖွဲ့များကို ဖွဲ့စည်းစစ်ဆေးဖေါ်ထုတ်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်အထိ ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၉ မှုကို တရားစွဲတင်နိုင်ခဲ့ပြီး သံသယရှိသူ ၁၀၂ ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးထားသူများအထဲမှ ကိုးဦးအား ပြစ်မှုကျူးလွန်မှုရှိကြောင်း ပေါ်လွင်မှုမရှိသဖြင့် ပြန်လည် လွှတ်စေခဲ့ပြီး အမှုများမှ ပြစ်မှုကျူးလွန်သူ ၉၃ ဦးတို့အား တရားစွဲတင်နိုင်ခဲ့သည်။

စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူ ရ၁ ဦးတို့အား တရားခံပြေးအဖြစ် စွဲတင်ထားရှိပြီး ပြစ်မှုကျူး လွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးနှင့် ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၊ ပြည်သူလူထုများမှ ပူးပေါင်းဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိကြောင်း” ဖေါ်ပြထားသည်။

Most read this week