ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေး

ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေး
by -
နိရဥ္စရာ

ရခိုုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အတွက် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်္ဘာလ ၅ ရက်နေ့ကနေ ရ ရက်နေ့ထိ (၃) ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

၎င်းဆွေးနွေးပွဲသို့ လက်နက်ကိုင် ပါတီများမှ ခေါင်းဆောင်များ၊ ပြည်တွင်း ပြည်ပ နိုင်ငံရေး ပါတီများ၊ လူမူ အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

rakhain chiang mai

“ အခု ဒီက သွားမှာက ကျနော်ရယ်၊ ဦးသာဘန်းရယ်၊ လူငယ် ခေါင်းဆောင်တွေ အထဲက ကိုကျော်မိုး၊ ကိုကျော်ဝင်း၊ ကိုဝင်းအောင်နဲ့ ရခိုင်လူအခွင့်အရေး အဖွဲ့က ကိုအောင်မင်းဦးတို့ သွားကြမယ်။ ဟိုမှာတော့ ရက္ခိုင်တပ်မတော်က စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်တို့၊ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီက အထွေထွေအတွင်းရေးမှူး ခိုင်သုခတို့၊ ဒေါ်မြရာဇာလင်း၊ ဦးညီညီလွှင်၊ ဆရာတော် ဦးသီဟ တို့ အပါအဝင် လူပေါင်းစုံတက်ရောက်ကြပါလိမ့်မယ်” ဟု သူက ဆိုသည်။

ဆက်လက်၍ သူက “ ဒီအမျိုးသား ညီလာခံနဲ့ ပတ်သက်ပြီး ကျနော်တို့ ပထမ တစ်ခေါက်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့ကြားထဲမှာ ဆက်သွယ်ရေးပြတ် တောက်သွားတဲ့ အခက်အခဲကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အမျိုးသား ညီလာခံကျင်းပမယ့်ဟာကို MPC က ၀န်ကြီး ဦးအောင်မင်း တို့ကလည်း ဒီတခေါက် လိုင်ဇာက အပြန်မှာ ခို်င်သုခ ရန်ကုန်ကို ၀င်တဲ့ အခါ သတိပေးလိုက်ပါတယ်။ ချင်းမှာလည်း အမျိုးသား ညီလာခံ လုပ်တယ်။ တခြား ရှမ်းတွေမှာလည်း လုပ်တယ်။ ရခိုင်မှာလည်း လုပ်ပါ။ ဒီအမျိုးသား ညီလာခံကို လုပ်ပြီး ရခိုင်ရဲ့  စုစည်းမူ တစ်ခု လုပ်ထားပါ။ နောက်ပီး  ၂၀၁၄-၂၀၁၅ မတိုင်ခင် ဖြစ်လာနိုင်တဲ့ အနေအထားရှိတဲ့ အမျိုးသားညီလာခံကြီးတစ်ရပ်ပေါ့။ လွှတ်တော်ပါ၊ တပ်မတော်ကပါ၊ အစိုးရပါ၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ လက်နက်ကိုင် အဖွဲဲ့တွေရယ်၊ ကျင်းပဖို့ စီစဉ်နေတယ်။ အဲဒီ ကျင်းပဖို့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ရခိုင်အမျိုးသား ညီလာခံကို ကျင်းပဖို့ဟာကို လက်ရှိ ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ ခေါင်းဆောင်တွေကလည်း သဘောတူပါတယ်။ မြန်နိုင်သမျှ မြန်အောင် လုပ်ဖို့လည်း ပြောထားပါတယ်။ ကျနော်တို့မှာ ညီလာခံ လုပ်ဖို့ စိုင်းပြင်းမူသည် နည်းနည်းတောင်မှ နောက်တောင် နောက်ကျနေပါပြီ။ ကျနော် တို့ ၂၀၁၄ မိုးမကျမှီ  ကျနော်တို့ လုပ်ဆောင်နိုင်အောင် အပြင်းအထန် ကြိုးစားသွားမှာပါ။ ဒီအတွက် ချင်းမိုင်မှာ ဆုံကြဖို့ လုပ်ကြတာပါ” ဟု ဆိုသည်။

ယင်းအပြင် သူက “ ကျနော်တို့မှာက အတွေ့အကြံုအားဖြင့် ရသေ့တောင် ညီလာခံရဲ့ အတွေ့အကြံု ရှိပါတယ်။ ရသ့တောင် ညီလာခံဆိုတာကလည်း ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ ညီလာခံ ဖြစ်တယ်။ အဲဒီ ရသေ့တောင်ညီလာခံ အခြေခံ အပေါ်မှာ လုပ်သွားလို့လည်း ရတယ်။ ပြဿနာရှိတာက အမျိုးသား ညီလာခံကြီး ဖြစ်တဲ့ အတွက် အပြင်ကို ရောက်နေတဲ့ အဝေးရောက် နိုင်ငံရေး အင်အားစုတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ လက်နက်ကိုင် မရှိပေမယ့်  ရခိုင်ပြည် နိုင်ငံရေးကို ဖြတ်သန်းခဲ့တဲ့ ၀ါရင့်ခေါင်းဆောင်တွေကိုလည်း အားလုံးကို လေးလေးစား ဖိတ်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ငွေရေးကြေးရေး ပြဿနာတစ်ခုက ရှိတယ်။ ဒီိလိုအပ်တဲ့့ ငွေကြေးတွေကို ငြိမ်းချမ်းရေး လိုလားတဲ့ ဒိုနာတွေက ကူညီနိုင်မလား။ ကျနော်တို့မှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို ဆွေးနွေးသွားကြမှာပါ” ဟု ဆိုသည်။

ရခိုင်အမျိုးသား ညီလာခံ ကျင်းပ ပြုလုပ်နိုင်ပါက ရခိုင်လူထုကို နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး နယ်ပယ် အသီးသီးတွင်  ဦးဆောင် ဦးရွက် ပြုနိုင်မည့် ဦးသျှောင် အဖွဲ့အစည်းလိုမျိုး တစ်ခုခု (သို့မဟုတ်) ကော်မီတီ တစ်ခုခုကို ဖွဲ့စည်းနိုင်ပါမည်လားဟု မေးမြန်းရာ ဦးဦးလှစောက “ ရခိုင်အမျိုးသား အနာဂတ် အရေး အတွက် နိုင်ငံရေး ပါတီ အဖွဲ့အစည်း တစ်ခုတည်းက၊ လက်နက်ကိုင် အင်အားစု အဖွဲ့အစည်း တစ်ခုတည်းက ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ ကျနော် တို့ ဦးဆောင် ကော်မီတီလိုခေါ်ခေါ် အတိုင်ပင်ခံ ကော်မီတီ (ကွန်ကရက်) လို့ ခေါ်ခေါ် အားလုံးကို ကိုယ်စားပြုနိင်တဲ့ တကယ် အတွေ့အကြံုရှိတဲ့ ၀ါရင့် ခေါင်းဆောင်တွေ၊ ဥဏှောက်ကောင်းတဲ့၊ ခေါင်းကောင်းတဲ့ အရည်အချင်း တကယ့်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဦးဆောင် ကော်မီတီ တရပ် ရခိုင်အမျိုးသားတွေမှာ လိုအပ်နေပါတယ်။ ဒီကော်မီတီကဘဲ ရခိုင်ပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ သေနင်္ဂဗျူဟာကျကျ စဉ်းစား ဆုံးဖြတ်ပြီး နိုင်ငံတကာမှာ ရခိုင်အရေး ဘယ်လို ဆောင်ရွက် လုပ်ကိုင်မလဲ။ ဒါတွေ အပြင် လယ်ယာမြေ ပြဿနာ၊ သယံဇာတ ခွဲဝေရေး ပြဿနာ၊ ပြဿနာတွေအားလုံးကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် ၊ တည့်တည့်မတ်မတ် ထိန်းမတ်ပေးနိုင်တဲ့  ဦးသျှောင် အဖွဲ့အစည်း တစ်ရပ်လိုပါရေ။ ဒါကိုလည်း ကျနော်တို့ အမြင် ရှိပါတယ်” ဟု ပြောသည်။

ယခု အစည်းအဝေးတွင် ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး အဖြေတစ်ခု ရရှိရန် တက်ရောက်လာသူ ခေါင်းဆောင်များအားလုံး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဟု သိရသည်။

Most read this week