မီဒီယာ အခန်းကဏ္ဍတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်မှု ရရှိစေရန် သင်တန်းများ ဖွင့်လှစ်၍ သတင်းသမားများအား ပံ့ပိုးနိုင်ရေးအတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် International Media Support ( IMS) တို့ ပူးပေါင်းလုပ်ဆောင်သွားရန် ဒီဇင်ဘာလ ၄ ရက်တွင် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။
အဓိက ရည်ရွယ်ချက်သည် မီဒီယာလောကအပေါ် ပြည်သူများ ယုံကြည်မှု ရရှိစေရန်ဖြစ်ပြီး စာနယ်ဇင်းသမားတို့ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ သင်တန်းများ ပို့ချပေးမည်ဖြစ်သည်။ အစီအစဉ်များသည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေစဉ် ကာလတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက်ရှင်သန်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု IMS ၏ အမှုဆောင် ဒါရိုက်တာ မစ္စတာ Jesper Hojberg က ပြောသည်။
ထို့ကြောင့် မြန်မာ့မီဒီယာလုပ်ငန်း၏ ကျင့်ဝတ် စွမ်းဆောင်ရည် တိုးတက်လာစေရန် လိုအပ်ချက်ကို မြန်မာစာနယ်ဇင်းကောင်စီနှင့် လက်တွဲ ဖြည့်ဆည်းခြင်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
သူက “ပြည်သူတွေရဲ့ ယုံကြည်မှုရဖို့ သတင်းမှန်ကန်ဖို့၊ ဘက်မလိုက်ဖို့ ပြည်သူတွေ အပေါ်မှာ တာဝန်ခံဖို့တွေ လိုအပ်တယ်၊ အဲ့ဒီ့ ကျင့်ဝတ်တွေက တကယ့်ကိုအရေးကြီးပြီး ထိန်းသိမ်းရမှာပါ”ဟု မစ္စတာ Jesper Hojberg က ပြောသည်။
အဆိုပါလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် စာနယ်ဇင်းကိုယ်စားပြုအသင်းအဖွဲ့ ၃ခု ဖြစ်သော MJA,MJN, MJU တို့နှင့် ချိတ်ဆက် စုစည်းဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြုလုပ်ပေးမည်ဖြစ် သည်။
IMS သည် ၂၀၁၁ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဒိန်းမတ်အခြေစိုက်အဖွဲ့အစည်းဖြစ်ပြီး သတင်းမီဒီယာ လောက ဖွံ့ဖြိုးရေး သင်တန်းများပို့ချခြင်း၊ ပဋိပက္ခနှင့် လုံခြံုမှုမရှိသည့်နေရာများ၊ နိုင်ငံရေးအပြောင်း အလဲဖြစ်ပေါ်နေသည့် နိုင်ငံများတွင် အခြေစိုက်သည့် ပြည်တွင်းမီဒီယာများကို ထောက်ပံ့ပေးခြင်းတို့ကို အကျိုးအမြတ် မယူဘဲ ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။