ကျောက်ဖြူ အုန်းတော အသိမ်းခံမြေများ လျော်ကြေးရရန် အခြေအနေမရှိ

ကျောက်ဖြူ အုန်းတော အသိမ်းခံမြေများ လျော်ကြေးရရန် အခြေအနေမရှိ
by -
နိရဥ္စရာ

ရဲတပ်ရင်းသစ်တည်ဆောက်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် အုန်းတောကျေးရွာအုပ်စုမှ သိမ်းဆည်းသွားသော မြေများအတွက် လယ်သမားများအနေဖြင့် လျော်ကြေးရနိုင်ရန် အခြေအနေ မရှိကြောင်း သတင်း ရရှိသည်။

“လျော်ကြေး မပေးနိုင်ဘူးလို့ ပြည်နယ်ရဲမှူးကြီးနဲ့ ခရိုင်ရဲမှူးတို့ ရွာကို ရောက်လာပြီး ရွာသားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားပါတယ်။ အခု သိမ်းမယ့် မြေတွေဟာ မြေလွှတ် မြေရိုင်းတွေ ဖြစ်တယ်။ ခင်ဗျားတို့ စိုက်ပျိုးတဲ့ မြေတွေ မဟုတ်ဘူးလို့လည်း သူတို့က ပြောဆိုသွားပါတယ်” ဟု အုန်းတော ဒေသခံ ဦးမောင်ဝင်းက ပြောသည်။

ယင်း သိမ်းဆည်းသွားသည့် မြေများထဲတွင် လယ်မြေများ မပါရှိသော်လည်း ရွာသားများ ဘိုးစဉ် ဘောင် ဆက် ပိုင်ဆိုင်လာသော စားကျက်မြေများ၊ ဥယာဉ်ခြံမြေများနှင့် ရွာသားများ နေ့တဓူဝ လိုအပ်သော သစ်၊ ၀ါး၊ ထင်း ခုတ်နေသော တောင်တန်းများ ပါ၀င်ကြောင်း သူက ဆိုသည်။

“ အခု သိမ်းမယ့် မြေဧက အကျယ်အဝန်းက ၂၀၂ ဒဿမ ၀၂ ဧက ဖြစ်ပါတယ်။ ဒီလောက် အကျယ် အဝန်းရှိတဲ့ မြေတွေကို ရဲတပ်ရင်း တစ်ခုအတွက် လိုအပ်ပါသလားလို့ ကျွန်တော်က မေးချင်ပါတယ်။ အခုလို သိမ်းယူ သွားတဲ့ ကျွန်တော်တို့ ဒေသခံတွေ အတွက် နောင်မှာ စားဝတ်နေရေး အထူးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

အုန်းတော ကျေးရွာ အုပ်စုတွင် ၀တ်ဆံ၊ ကုန်ဘောင်နှင့် ကျောက်ပြင်ဆိပ် ရွာများ ပါ၀င်ပြီး အိမ်ခြေပေါင်း ၅၀၀ နီးပါးခန့်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ မြေလွှတ်မြေရိုင်းများဟု ဆိုကာ သိမ်းယူသွားသဖြင့် ထိခိုက်မည့် ကျေးရွာများထဲတွင် အုန်းတော အုပ်စုသာမက အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသော ပြိုင်းစိတ်ကေ ကျေးရွာလည်း ပါ၀င်သည်ဟု သူက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖေါ် ဆောင်ရွက်နေသော စီမံကိန်းများနှင့် အစိုးရ အဖွဲ့အစည်းများ အတွက် သိမ်းယူသွားသော မြေပမာဏမှာ တစ်နေ့ထက် တစ်နေ့ များပြားလာသဖြင့် နောက်နောင်တွင် ဒေသခံ ပြည်သူများ လုပ်ကိုင် စားသောက်စရာ မြေများကျန်ရှိတော့မည် မဟုတ်ဟု လူမူရေး လူပ်ရှားသူ ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။

“ အခု မြေသိမ်းနေတာကတော့ ကျောက်ဖြူမြို့နယ်မှာ နေရာတိုင်းမှာပါဘဲ။ ပိုက်လိုင်း တည်ဆောက်ဖို့ သိမ်းတာ၊ ရွှေဂတ်စ် စီမံကိန်းသိမ်းတာ၊ ဓညဝတီ ရေတပ်ချဖို့နဲ့ စစ်တပ်ရင်းတွေ ချဖို့ သိမ်းတာ အများကြီးပါဘဲ။ တချို့နေရာတွေမှာ လျော်ကြေးပေးတယ်လို့ ပြောပေမယ့် မဖြစ်စလောက်သာ ရတဲ့ အတွက် လယ်မြေသိမ်းခံရတဲ့ လယ်သမားတွေ အနေနဲ့ အနာဂတ် အာမခံချက် မရှိ ဖြစ်သွားရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု သူက ဆိုသည်။

ယင်းအုန်းတော ကျေးရွာ အနီးရှိ ဒေသခံများ မှီခို အားထားနေရသော စားကျက်မြေများ၊ မြေလွှတ်မြေရိုင်း များ အပါအဝင် နဂါးတောင်၊ ဒိုးတန်း တောင်များကို ရဲတပ်ရင်းချရန် အတွက် သိမ်းသွားသဖြင့် ဘိုးစဉ် ဘောင်ဆက်လုပ်ကိုင်လာသော ကျွဲနွားများကို လွှတ်မွေး၍ ရတော့မည် မဟုတ်သလို  တောင်တက် ငါးရှာ၊ ဟင်းခူး၍လည်း ရနိုင်တော့့မည် မဟုတ်တော့သဖြင့် ဒေသခံများ အနေဖြင့် သူတို့၏ အနာဂတ် ဘဝအတွက် အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

သို့အတွက် ဒေသအတွင်းမှ အကြားအမြင်ရှိသော လူကြီးများမှ ယခု မြေသိမ်းမူနှင့် ပတ်သက်ပြီး တရားသဖြင့်  ဖြစ်နိုင်ရန် အတွက် လွှတ်တော်မှ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ထံသို့ ယမန်နေ့က စာရေး တင်ပြလိုက်သည်ဟု သိရသည်။

Most read this week