ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အောင်မြင်သည့် အဆင့်ကို ရောက်နေပြီဟု နိုဝင်ဘာ ၃၀ ရက်မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်ပြောကြားသည့်အပေါ် လက်တွေ့ အခြေအနေများနှင့် ကွဲပြားမှုရှိနေသည်ဟု တိုင်းရင်းသား အဖွဲ့အချို့ဘက်မှ တုံ့ပြန်ပြောဆိုလိုက်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိုင်းရင်းသားတို့ဘက်မှ လက်ရှိလုပ်ငန်းစဉ်သည် ဆက် လက် ဆွေးနွေးညှိနှိုင်းရန် များစွာလိုအပ်နေသည့် အနေအထားတွင်ပင်ရှိနေပြီး လတ်တလော ပထမ အဆင့်သာရှိ သေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းတွင်ပင် နှစ်ဖက်စလုံး ၏ မူကြမ်းများမှာ အခြေခံအားဖြင့် ကွဲလွဲနေသည်ဟု ဆိုကြသည်။
“တိုင်းရင်းသားတွေဘက်က မူကြမ်းက တန်းတူညီမျှရေးကို အခြေခံတာ၊ အစိုးရဘက်က မူကြမ်းက မတူ ဘူးဖြစ်နေတယ်၊ အခုဖွဲ့စည်းပုံအရဆိုရင် တပ်မတော်ကို သမ္မတက အမိန့်ပေးလို့မရတဲ့ အနေအထားမျိုး ဆိုတော့ အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဒီလိုအမြင်ရှိတယ် ပြောပေမယ့် တပ်မတော်က ဘယ် လိုသဘောထားလဲဆိုတာတွေက လိုနေသေးတယ်” ဟု ကယန်းပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ပြောသည်။
သမ္မတဘက်မှ နိုဝင်ဘာလ ၃၀ ရက်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သုံးသပ်ချက်နှင့် ပတ်သက်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်က “အခု လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရဆိုရင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံနေတာ အနေအထားတစ်ခုအထိရှိပြီ၊ နိုင်ငံတော်မှာ ရှေ့ဆက် သွားမယ့် လမ်းစဉ်တွေအတွက် မူဘောင်တွေ ချမှတ်တဲ့ အနေအထား အနီးကိုလည်းရောက်နေပြီ၊ ပြောရ မယ်ဆိုရင် နောက်ဆုံးညှိနှိုင်းတဲ့ အဆင့်ကို ရောက်နေပြီ၊ အောင်မြင်တဲ့ အဆင့်ကို ရောက်နေပြီလို့ ပြော ချင်တယ်” ဟု သူ၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ပြောကြားချက်များအား တိုင်းရင်းသား အချို့ဘက်မှ လက်မခံနိုင်သေးသည်မှာ ယုံကြည်ချက်များ ပျောက်ဆုံးနေသဖြင့် ညှိနှိုင်းနေဆဲအနေအထားတွင် အောင်မြင်သည်ဟူသည့် အနေအထားအား လက်မ ခံနိုင်ခြင်း ဖြစ်သည်ဟု မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဆိုသည်။
တိုင်းရင်းသားများအနေဖြင့် ခေတ် အဆက်ဆက် အစိုးရနှင့် ယုံကြည်မှု ပျောက်ဆုံးနေခဲ့ရသဖြင့် ထိုကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ပြခြင်းမှာ ပိုမိုထိရောက်နိုင်မည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် မူကြမ်းများ ရေးဆွဲရာတွင် လည်း အစိုးရဘက်မှ မူကြမ်းအား တိုင်းရင်းသားအဖွဲ့အစည်းများ၏ မူကြမ်းရေးဆွဲရေးကော်မတီ NCCT မှ လက်မခံသကဲ့သို့ အစိုးရဘက်မှ တာဝန်ရှိသူများကလည်း တိုင်းရင်းသားတို့ ရေးဆွဲဆဲဖြစ်သည့် မူကြမ်း နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် အချက်များရှိနေကြောင်း မဇိ်္စျမသို့ ပြောဆိုပြီး ဖြစ်သည်။
တိုင်းရင်းသားတို့ဘက်မှ တင်ပြလာသည့် အချက်များ၊ လိုအပ်ချက်များ၊ ညှိနှိုင်းရန်အချက်များ အပေါ်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ နည်းပညာအထောက်အကူပြု အဖွဲ့ဝင် ဦးမင်းဇော်ဦးက လက်ရှိလုပ်ဆောင်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပစ်အခတ်ရပ်စဲရေးကိုသာ ဦးစွာ လုပ်ဆောင်ရန် လိုအပ်ပြီး ညှိနှိုင်းရမည့် အချက်များမှာ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပြောဆိုကာ နောက်ပိုင်း တွင် အကောင်အထည်ဖော်ရန် ဖြစ်သဖြင့် အဆင့်ဆင့်သွားရန် လိုအပ်သည်ဟု ဆိုသည်။ တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ ယခု ပြင်ဆင်လိုသည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ်လာရေးတို့မှာ အကောင်အထည်ဖော်ရေး အဆင့်တွင်ရှိသဖြင့် ဦးစွာနိုင်ငံရေးဆွေးနွေး ပွဲသို့သွားရန်လိုအပ်ပြီး ဖွဲ့စည်းပုံအား ဦးစွာသွားမည်ဆိုပါက နိုင်ငံရေး ဆွေးနွေးပွဲအား ပယ်ဖျက်ပစ်ရမည့် အနေအထား ဖြစ်နေသည်ဟု ရှင်းလင်းပြောဆိုသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သမ္မတတွေ့ဆုံစဉ်တွင်လည်း သမ္မတမှ ပြည်သူများ အဖွဲ့အစည်းများ နှင့် အစိုးရကြားတွင် ပျောက်ဆုံးနေသည့် ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန်မှာ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် စိန်ခေါ်မှုတစ်ခုအနေ ဖြင့်ရှိလာမည်ကို လက်ခံကြောင်း၊ယုံကြည် မှု ပြန်လည်တည်ဆောက်ရာတွင်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါ၀င်ရန် ညှိနှိုင်းလုပ်ဆောင် သွားရန် ပြောဆိုပြီး ဖြစ်သည်။
ဦးသိန်းစိန်၏အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတမှ အဓိကလုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်ရန် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော် မြို့ရွာကျေးလက်ဒေသမကျန် ဖွ့ံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တို့အား ဆောင်ရွက်လျက်ရှိပြီး ငြိမ််းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၁ သြဂုတ်လမှ စတင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။