ပူးပေါင်းရန် သဘောတူပြီးပါတီများ မူလအမည်ဖြင့် စည်းရုံးရေးလုပ်ငန်း မလုပ်သင့်ဟု ဆို

ပူးပေါင်းရန် သဘောတူပြီးပါတီများ မူလအမည်ဖြင့် စည်းရုံးရေးလုပ်ငန်း မလုပ်သင့်ဟု ဆို
by -
မဇ္ဈိမ

နှစ်ပါတီပူးပေါင်းရန် သဘောတူထားပြီး ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်လွှာတင်ထားကြသော နိုင်ငံရေးပါတီများသည် ပါတီအသစ် နာမည်ခွင့်ပြုချက်မကျသေးမီ ကြားကာလတွင် မူလအမည်ဟောင်းဖြင့် လူထုတွေ့ဆုံပွဲများ၊ ရှင်းလင်းပွဲများ မပြုလုပ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။

“ပူးပေါင်းကြမယ်ဆိုတဲ့ ပါတီတိုင်း ရည်မှန်းထားတဲ့ ပါတီသစ်ကြီးမဖြစ်ခင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက် မကျခင်ကာလမှာ ပါတီဟောင်းနာမည်နဲ့ လူထုတွေ့ဆုံပွဲတွေ ညီလာခံတွေလုပ်ခြင်းက မိမိပါတီဝင်တွေအတွက် ကြိုပြီး စည်းရုံးထားသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပါတီအသစ် ခွင့်ပြုချက်မရမချင်းမှာ မူလပါတီတွေဟာ အရင်ရှိပြီးသား ပြည်တွင်းပြည်ပ ဆက်စပ်မှုတွေကို ဆောင်ရွက်တာကလွဲရင် ပါတီဟောင်းနာမည်နဲ့ တခြားတွေ့ဆုံပွဲ၊ ရှင်းလင်းပွဲတွေ မလုပ်သင့်ပါဘူး” ဟု ၎င်းက ပြောသည်။

RNDP ပါတီအနေဖြင့် လက်ရှိအချိန်တွင် လူထုတွေ့ဆုံပွဲများကို ရပ်ထားကြောင်း ဆိုသည်။

သို့သော် RNDP နှင့် ပူးပေါင်းရန် သဘောတူထားသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD(Arakan League for Democracy) ပါတီဘက်မှ ယခုရက်ပိုင်းတွင် လူထုတွေ့ဆုံပွဲများ၊ ရှင်းလင်းပွဲများကို ALD နာမည် ဖြင့်ပင် လုပ်နေသည့်အတွက် မဖြစ်သင့်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက် တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်တို့တွင် ကျောက်တော်မြို့၌လည်း ကောင်း၊ ၂၅ ရက်တွင် ရသေ့တောင်မြို့၌လည်းကောင်း၊ ၂၆ ရက်တွင် စစ်တွေမြို့၌လည်းကောင်း၊ ၂၇ ရက်တွင် မင်းပြား၌လည်းကောင်း၊၂၈ ရက်တွင် မြောက်ဦးမြို့၌လည်းကောင်း ဒေသခံလူထုများနှင့် တွေ့ ဆုံကာ လက်ရှိနိုင်ငံရေးအခြေအနေနှင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရှင်းပြခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ALD ပါတီ၏ အတွင်းရေးမှူး ဦးမျိုးကျော်ကမူ ၎င်းတွေ့ဆုံပွဲများနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ဘက်က လည်း နှစ်ပါတီပေါင်းစည်းနိုင်ဖို့ကိုပဲ အားထည့်ပြီး ဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာ နှစ်ဘက် ပါတီတွေရဲ့ CEC ၁၅ ဦးစီနှင့် ပါတီသစ်အတွက် ပူးပေါင်းလိုက်ပြီး ပါတီသစ် မှတ်ပုံတင်ကျပြီးချိန်မှာဒီ ၃၀ ဦးကနေ ပြန်ရွေးသွားဖို့ မူလက စီစဉ်ထားတာပါ။ တကယ်ဖွဲ့စည်းတဲ့အခါ ကျွန်တော်တို့ဘက်က CEC အဖွဲ့ဝင်တွေ အတော်များများ ကျန်နေသေးလို့ ဒါကို ထပ်ရွေးနိုင်အောင် ကျောက်တော်မြို့မှာ ပါတီညီ လာခံ လုပ်ရတာပါ။ အဲဒီမှာ ရခိုင်ပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း ရှင်းပြတာတွေနဲ့ နှစ်ရက် လုပ်ခဲ့ပါတယ်။ နောက်တော့ ရသေ့တောင်မြို့နယ်က ဖိတ် ခေါ်လို့ ဆက်လုပ်ဖြစ်ပါတယ်”ဟု ရှင်းလင်း ဖြေကြားခဲ့သည်။

ထိုမှ ဆက်၍ စစ်တွေ၊ မင်းပြားနှင့် ၂၈ ရက်တွင် မြောက်ဦးတွင် ဆက်လုပ်သွားမည်ဟု ဆိုသည်။ ထိုသို့ လုပ်ဆောင်ရာတွင် လက်ရှိပါတီနာမည် ALD ကို သုံးနေရခြင်းက ပါတီသစ်နာမည် တရားဝင် မကျသေး တာကြောင့်ဖြစ်ပြီး ALD အနေဖြင့် လူထုကို တွေ့သည်ဆိုပေမယ့် ပါတီသစ် (AND- Arakan National Party) အတွက် ရည်ရွယ်ပြီး လုပ်နေခြင်းဖြစ်သည်ဟု မဇ္ဈိမကို ဦးမျိုးကျော်က နို၀င်ဘာ ၂၇ ရက် ညနေ ပိုင်းတွင် ဖုန်းဖြင့် ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သော သီတင်းပတ်အတွင်း အမည်မဖော်ပြသော ရခိုင်အမျိုးသား ရှေ့နေကြီးတစ်ဦး၏ face-book ပါ သတင်းတစ်ပုဒ်ကြောင့် ရခိုင်ပါတီနှစ်ခုကြား အထင်အမြင်လွဲမှု၊ စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်ခဲ့ ကြောင်း သိရသည်။

“ကျောက်ဖြူ ရေနံပိုက်လိုင်းနဲ့ပတ်သက်ပြီး တရုတ်ဘက်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို (ဒေါက် တာအေးမောင်ကို) ကျွန်တော့်ကို ပေးတယ်လို့ ဖော်ပြထားတယ်၊ အဲဒီလိုပေးတဲ့ အထောက်အထားတွေ ကို တရုတ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်တယ်။ အဲဒီ တရုတ်ဘက်က ပေးလိုက်တဲ့ အ ချက်အလက်တွေကို တစ်ဖန် ဒေါ်အောင်ဆန်းစုကြည်က ALD က ဦးအေးသာအောင်တို့ကို အပ်လိုက်တယ်လို့ ပါတယ်။ အဲဒါတွေကို ကျောက်တော်ညီလာခံမှာ ရှင်းမယ်လို့လည်း ပါတယ်။ ဒီတော့ ဖတ်ရတဲ့ သူတွေက ကျွန်တော့ကို ဖုန်းဆက်ကြတယ်။ ကျွန်တော်က ဒါဖြင့်ရင် အဲဒီအထောက်အထားတွေနဲ့ ပြပါ။ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ ဒါဟာ ကြောက်စရာကောင်းတဲ့ နိုင်ငံရေးထိုးနှက်မှုပါလို့ ပြန်ပြောတဲ့အခါ မှ အဲဒီ facebook စာသားတွေ ပျောက်သွားတော့တယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထိုအချက်နှင့်ပတ်သက်ပြီး ALD အတွင်းရေးမှူး ဦးမျိုးကျော်က “ facebook ပါ စာသားတွေကို ကျွန် တော်တို့ လုံးဝမသိဘူး၊ ALD နဲ့လဲ လုံးလုံး မပတ်သက်ပါဘူး။ ဒါဟာ နှစ်ပါတီပေါင်းစည်းရေးကို မလိုလား သူတွေက သပ်လျှိုတာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ဤသို့ အငြင်းပွားမှု၊ အထင်လွဲမှုများ ရှိနေသော ရခိုင်ပါတီနှစ်ခု ပူးပေါင်းနိုင်ရေးတွင် အခက်အခဲများ ရှိ လာနိုင်သလားဟူသည့် အမေးကိုမူ ဒေါက်တာအေးမောင်က “ဒါကိုတော့ ရခိုင်လူထုကပဲ ဆုံးဖြတ်ရမှာ ပါ။ ဒါကြောင့် လာမယ့် ညီလာခံကျရင် ALD ကို တကယ် ခေါင်းဆောင်နိုင်မယ့် လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာမှသာ နှစ်ပါတီ ပူးပေါင်းလို့ အဆင်ပြေနိုင်မှာပါ”ဟု ပြန်လည် ဖြေကြားသည်။

လက်ရှိအချိန်တွင် ရခိုင်ပါတီနှစ်ခုက တရားဝင် မပေါင်းရသေးဘဲ ပေါင်းမည်ဟု တရားဝင် ကြေညာထား ပြီး ဖြစ်သည်။ ဆွေးနွေးပြီး ကော်မရှင်ကိုလဲ စက်တင်ဘာလအတွင်းက တစ်နေ့တည်းတွင် နှစ်ပါတီစလုံး မှ လျှောက်လွှာတင်လိုက်ပြီး ဖြစ်သည်။

“ခွင့်ပြုချက်မရခင် တရားဝင် မပေါင်းရသေးခင်မှာ မလိုအပ်တာတွေကို မလုပ်ရဘူးဗျ။ အမျိုးသားနိုင်ငံ ရေးအတွက် ရေရှည်ကြည့်ရမယ်။ ရခိုင်နိုင်ငံရေးကို ဦးဆောင်တော့မယ်ဆိုရင် တစ်ပြန်လောက်ပဲ မတွေး ဘဲ အပြန်များစွာ ကြည့်ဖို့လိုတယ်။ အခု ကျွန်တော်တို့ RNDP က နောက်ကို ခြေလှမ်းဆုတ်ပေးထား တယ်။ ALD ကတော့ လူထုစည်းရုံးရေးတွေ လုပ်နေတယ်။ အခုထိ လှုပ်ရှားနေတယ်။ ၂၀၀၈ အခြေခံ ဥပဒေကို ရှင်းမယ်ဆိုပြီး မြို့နယ်တွေမှာ လုပ်နေတယ်။ ဒါမျိုးမလုပ်သင့်ဘူး။ ဒါဟာ စောင့်စည်းရမယ့် နိုင် ငံရေးဂုဏ်သိက္ခာပဲ”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့သည် ရခိုင် အမျိုးသားပါတီ (ANP: Arakan National Party)အဖြစ် ပူးပေါင်းဖွဲ့စည်းသွားရန် သဘောတူခဲ့ကြစဉ်က ပါတီအသစ်ခွင့်ပြုချက်ရပါလျှင် နှစ်ပါတီစလုံး၏ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ ငွေကြေးအားလုံးတို့ကို ပါတီအသစ်သို့ ပြောင်းရွှေ့သယ်ယူ ပေါင်းစည်းရန်နှင့် နှစ်ဖက်ပါတီဝင် အားလုံး က ANP ပါတီသစ်တွင် ပါတီဝင်များအဖြစ် ပါ၀င်သွားရန်အတွက် နှစ်ပါတီစလုံးမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက သဘောတူ လက်မှတ်ထိုးထားကြပြီး ဖြစ်သည်။