ရမ်းဗြဲ ဒေသခံတို့ ယူအန် ဆုံးဖြတ်ချက် ကန့်ကွက် ဆန္ဒပြ

ရမ်းဗြဲ ဒေသခံတို့ ယူအန် ဆုံးဖြတ်ချက် ကန့်ကွက် ဆန္ဒပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် ဒေသခံ ပြည်သူများက (၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ၏ အစည်းအဝေးမှ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက် အပေါ် ကျေနပ်မူ မရှိသဖြင့် ယနေ့ နံနက်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှ ဆန္ဒပြပွဲကိုု စတင်ခဲ့ပြီး လူပေါင်း ၉၀၀ ခန့် ပူးပေါင်း ပါ၀င်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး မြို့ထဲ လမ်းတလျှောက် ချီတက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်ဟု ဦးဆောင် လူပ်ရှားရာတွင် ပါ၀င်သူ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။

Rambree-people-protest-UN

ဆန္ဒပြကန့်ကွက်ပွဲကို ပြုလုပ်ရခြင်းမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ၏ ဆုံးဖြတ်ချက် အပေါ် ကျေနပ် လက်ခံနိုင်ဖွယ် မရှိ၍ ဖြစ်ကြောင်း သူက ဆိုသည်။

“ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးတစ်မျိုးကို ကုလသမဂ္ဂ လူ့အခွင့်အရေး တတိယ ကော်မီတီကနေ ရိုဟင်ဂျာ အနေနဲ့ နိုင်ငံသား အဖြစ် သတ်မှတ်ပေးရမယ်ဆိုတဲ့ အပေါ်မှာ လက်မခံနိုင်တဲ့ အတွက် ခုလို ဆန္ဒပြပွဲ ပြုလုပ်ပြီး ကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြသူများသည် ရမ်းဗြဲမြို့ ဘော်လုံးကွင်းတွင် စုရုံးကြပြီး ယင်းမှ တဆင့် မြို့ကို တစ်ပတ် ပတ်ကာ ယူအန် ဆုံးဖြတ်ချက် အလိုမရှိ၊ ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေကို အတိအကျ အကောင်အထည်ဖေါ်ပါ၊ မြန်မာနိုင်ငံ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ပါနှင့် ဆိုသည့် ကြွေးကြော်သံများကို  ပြိုင်တူ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့၌ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းများကို တင်သွင်းပြီး အရေးယူ ဆုံးဖြတ် အချို့ ချမှတ်ခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်ပြီး ပြုလုပ်သော ဆုံးဖြတ်ချက်တွင် ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင် လူနည်းစုများအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ပေးရန်နှင့် လွတ်လပ်စွာသွားလာခွင့်နှင့် သူတို့ အပေါ် ပြုလုပ်ထားသော ကန့်သတ်မူများကို ရုတ်သိမ်းပေးရန် ဆုံးဖြတ်ချက်ချ တောင်းဆိုခဲ့သည်ဟု သိရသည်။

Rambree-protest-UN

ယင်းဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က ဆုံးဖြတ်ချက်တွင် ပါရှိသည့် ရိုဟင်ဂျာလူနည်းစုဟူသည့် စကားအသုံးအနှုန်း ကို ယခင် ကာလများအတိုင်း ဆန့်ကျင်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား လူမျိုးစု ၁ဝဝ ကျော်အနက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့်အခါကမှ မရှိခဲ့ပါ ကြောင်း ပြန်လည် ကန့်ကွက်  ပြောဆိုခဲ့သည်ဟု သိရသည်။

Most read this week