ပြည်တွင်းငြိမ်းချမ်းရေးကို နှောင့်နှေးစေသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထောက်ပြသည့် အစိုးရ၏ တပ်အင်အားတိုးချဲ့မှုနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်မှာပင် တိုက်ပွဲများ ဖြစ်ပွားနေသည့် အချက်များအား အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ဒုတိယဥက္ကဌဦးအောင် မင်းက အစိုးရထံ တင်ပြပေးမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
နိုဝင်ဘာ ၂၂ နှင့် ၂၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ ၁၁ ဖွဲ့တို့ ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့စဉ်က တိုင်းရင်း သားများ ထောက်ပြခဲ့သည့် အချက်များအား နိုင်ငံရေးပါတီများက နိုဝင်ဘာ ၂၅ ရက်တွင် မြန်မာငြိမ်းချမ်း ရေးစင်တာ (MPC) ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီသို့ ပြန်လည်တင်ပြရာ ဦးအောင်မင်း က အထက်ပါအတိုင်း ကတိပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေသည့် အချက်များဆိုသည်တွင် အစိုးရ၏တပ်အင်အား တိုးချဲ့မှု၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ထိရောက်မှုမရှိဘဲ တိုက်ပွဲများ ဖြစ် ပေါ်နေခြင်း၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အားနည်းခြင်းတို့ ဖြစ် သည်ဟု တိုင်းရင်းသားလက်နက်ကိုင်များက ထောက်ပြခဲ့သည်ဟု ဦးအောင်မင်းနှင့်တွေ့ဆုံခဲ့သောနိုင်ငံ ရေးပါတီဝင်အချို့က ဆိုသည်။
MPC တွေ့ဆုံပွဲကို တက်ရောက်လာသော ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဇော်အေးမောင်က ဟိုဘက်က ပြောကြားချက်တွေ၊ ပြည်ပရောက် လက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်တွေ၊ သူတို့ မှာလိုက်တဲ့ သတင်းလွှာတွေကို ဒီဘက်က သိအောင်၊ လုပ်စရာရှိတာ လုပ်လို့ရအောင် ပြန်ပြီးတော့ တင် ပြတာပါ။ အဓိကတော့ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ ဖက်ဒရယ်၊ ဒီမိုကရက်တိုက်ဇေးရှင်း၊ တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးတွေ၊ အဲဒါတွေနဲ့ပတ်သက်ပြီး သူတို့တင်ပြချင်တာတွေ တင်ပြလိုက်တယ်။ ဟိုကမှာလိုက်တာကို သူတို့က နိုင်ငံတော်သမ္မတကြီး တင်ပြမယ်ပြောတယ်”ဟု ဦးအောင်မင်းနှင့် တွေ့ ဆုံအပြီးတွင် ပြောသည်။
နိုင်ငံရေးပါတီများက ချင်းမိုင်ခရီးစဉ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (U-NFC) အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတို့နှင့် တွေ့ဆုံစဉ် ထိုအချက် များ သိရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းအချက်များအား ဦးအောင်မင်းက သမ္မတထံ တင်ပြမည်ဟု ကတိပြုခဲ့သလို အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ပစ်ခတ်မှုများရှိခဲ့သည်ကို ၀န်ခံခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက မဇ္ဈိမကို ပြောသည်။
“ဆွေးနွေးနေတဲ့အချိန် ပစ်ခတ်နေတယ်ဆိုတာလည်း အစိုးရဘက်က ၀န်ခံပါတယ်။ တပ်ဘက်ကလည်း သူတို့တပ်ဘက်ကို နည်းနည်းရောက်လာရင် သူတို့က ပစ်ခတ်မိတာ အမှန်ပဲပေါ့။ တိုင်းရင်းသားတွေ ဘက်ကလည်း တစ်နေရာတည်း နေလို့မရဘူးလေ။ တစ်ခါတစ်လေကျတော့လည်း နယ်ကျော်သွားတာ တွေ ရှိပါတယ်တဲ့။ အဲ့ဒါကိုလည်း သူတို့က ၀န်ခံပါတယ်”ဟု ဒေါ်သန်းသန်းနုက ဦးအောင်မင်း၏ ပြော ကြားချက်ကို ပြန်ပြောသည်။
ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ် ပွားရခြင်းနှင့်ပတ်သက်ပြီး ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ နိုထန်ခပ်က “အကုန်လုံးက သံသယနဲ့ ကြည့်နေ တဲ့အခါကျတော့ ဒီလိုဖြစ်ကုန်တာပေါ့။ အချင်းချင်း နားလည်မှုလွဲတဲ့သဘောပေါ့။ တစ်ဖက်နဲ့တစ်ဖက်က သံသယရှိစရာမလိုဘူး။ ယုံကြည်မှုကိုတည်ဆောက်တဲ့အခါမှာ သံသယစိတ်ကို အခြေအနေအရဖျောက် ထားရပါမယ်”ဟု ဆိုသည်။
သို့သော် UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေစဉ် တိုက်ပွဲများ ဖြစ် နေခြင်းအပေါ် သံသယရှိဖွယ်ဖြစ်နေသည်ဟု မှတ်ချက်ပြုခဲ့သည်။
“ဆွေးနွေးပွဲလုပ်တိုင်းမှာ တပ်က သွားပြီးတော့ပစ်နေတယ်။ အဲဒါက သံသယဖြစ်စရာဖြစ်နေတယ်။ ဒါက ခြံုပြီးပြောရမယ်ဆိုရင် အစိုးရနဲ့စစ်တပ် အမြင်တူတယ်လို့ ပြောမယ်ဆိုရင်တော့ ဒါက ဖိအားတစ်မျိုးပဲ။ အစိုးရနဲ့စစ်တပ် အမြင်မတူဘူးဆိုရင်တော့ ဒါက အနှောင့်အယှက်ပေးတဲ့သဘောပဲ”ဟု နိုင်ဟံသာက နိုဝင်ဘာ ၂၄ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးဆွေး နွေးပွဲပေါင်း ၁၃၀ ကျော် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံးအပစ်အခတ်မရပ်သေးဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းတွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ကြား တိုက်ပွဲများဖြစ်ပေါ်နေဆဲ ဖြစ်သည်။