UN ဆုံးဖြတ်ချက် RNDP ကန့်ကွက်

UN ဆုံးဖြတ်ချက် RNDP ကန့်ကွက်
by -
နိရဥ္စရာ

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မီတီမှ မြန်မာနိုင်ငံတွင် နေထိုင်သော မွတ်ဆလင်များအား “ ရိုဟင်ဂျာ” အမည်ဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ရန် တောင်းဆိုထားသော ဆုံးဖြတ်ချက်ကို ရခိုင်တိုင်း ရင်းသား များတိုးတက်ရေးပါတီ RNDP မှ နိုဝင်ဘာ ၂၃ ရက်နေ့က ကျေညာချက် ထုတ်၍ ကန့်ကွက်လိုက်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက “ကျွန်တော်တို့က ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ နိုင်ငံသားပေးလို့ မရဘူး။ အဓိက ဒီအချက်ကို ကန့်ကွက်တယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်ရေး တတိယ ကော်မီတီ အနေနဲ့ ခုလို ဆုံးဖြတ်ချက် ချမှတ်လို့ မရသလို သူတို့ ချမှတ်တိုင်း ကျွန်တော်တို့ အ နေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးလို့မရဘူး။ ဒါကြောင့် ဒီဆုံးဖြတ် ချက် အပေါ်မှာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

RNDP-Sittwe-Rakhine-State1

၎င်းအပြင် သူက “ ကျွန်တော်တို့ RNDP ရပ်တည်ထားတဲ့ အပိုင်းက ၁၉၈၂ ဥပဒေနဲ့ စစ်ဆေးပြီးမှ နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်တဲ့ လူကို နိုင်ငံသား ပေးရမယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ လူတွေကို နိုင်ငံသား အဖြစ် သတ်မှတ်လို့ မရဘူး ဆိုပြီး ရပ်တည်ပါတယ်။ ဒါကြောင့် ဘယ်ကဘဲ ဖိအားပေးပေး၊ ဘယ်ကဘဲ တောင်းဆို တောင်းဆို အဲဒါဟာ ကျွန်တော်တို့ လိုက်လျော့လို့ မရဘူး။ ဒါဟာ ကျွန်တော်တို့ လူမျိုးနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်တယ်” ဟု ပြောသည်။

၎င်း “ ရိုဟင်ဂျာများအား နိုင်ငံသားပြုခွင့် ပေးရန်” အဆိုပြုချက်ကို ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မီတီတွင် တင်သွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မီတီတွင် တင်သွင်း အတည်ပြုခဲ့သော မြန်မာ နိုင်ငံထဲက လူ့အခွင့်အရေးအခြေအနေ အမည်ရှိ ဆုံးဖြတ်ချက်စာတမ်း၏ အပိုဒ် (၁၀)တွင် ရိုဟင်ဂျာ လူနည်းစု များအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမည်၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ပေးရမည်၊ လွတ်လပ်စွာ သွားလာခွင့်ပေးရမည် ဆိုသည့် အချက်များပါ၀င်သည်။ယင်းပြင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြုထားသည့် နာမည်ကို မသုံးစွဲဘဲ သူတို့ လိုသလို သုံးစွဲထား ခြင်းသည် နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အချာကို မထီမဲ့မြင်သလို နိုင်ငံတကာက ချမှတ်ထားသောစည်းမျဉ်း စည်းကမ်းများကိုလည်း ချိုးဖေါက်ရာ ရောက်သည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

“ ကုလသမဂ္ဂ အဖွဲ့အစည်းဆိုတာ နိုင်ငံပေါင်းစုံကို ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီအဖွဲ့ အစည်း က တရားဝင်အသိအမှတ်ပြုထားတဲ့ နာမည်ကိုဘဲ အသုံးပြုစေချင်တယ်။ ဆိုလိုတာက ယခင် က မြန်မာနိုင်ငံကို ဗမာနိုင်ငံလို့ခေါ်တယ်။ ဒီနေ့ မြန်မာလို့ခေါ်တဲ့ အတွက်ကြောင့် မြန်မာလို့ဘဲ အသိ အမှတ် ပြုစေချင်တယ်။ ယခင်က ရခိုင်ပြည်ကို Arakan State လို့ခေါ်တယ်။ အခုက ရခိုင်လို့ခေါ်တဲ့အတွက် ကြောင့် အားလုံးမှာ ရခိုင် လို့ဘဲ တရားဝင်အသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရားဝင် အသိအမှတ် ပြုထားတဲ့ လူမျိုး (၁၃၅)မျိုးမှာ တရားဝင်မရှိတဲ့ ရိုဟင်ဂျာ ဆိုတာကို ကုလသမဂ္ဂက သုံးထား တာဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးတွေရဲ့ အခွင့်အရေးကို ချိုးဖေါက်တာ ဖြစ်ပါတယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကန့်ကွက်သည့် သဘောထားကြေငြာချက်တွင် အချက်  (၈)ချက် ပါ၀င်ပြီး ကြေငြာချက်ကို ၂၀၁၃ ခု နိုဝင်္ဘာလ ၁၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကြေငြာချက်၏ နောက်ဆုံး အပိုဒ် (၇) နှင့် (၈) တွင် ယခုကဲ့သို့ ဖေါ်ပြထားသည်။

၇။ ဘင်္ဂလားဒေသမှ ၀င်ရောင်လာသူများကို stateless Persons (နိုင်ငံမဲ့) ဟု မသတ်မှတ်နိုင်ပါ။ stateless Persons (နိုင်ငံမဲ့)များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ မွေးဖွားသော သူတိုင်းကို နိုင်ငံသားအဖြစ် ပြုလုပ်ပေးရမည်ဟူသော သဘောတူညီချက်ကို မြန်မာနိုင်ငံအနေဖြင့် မည်သည့် Convention (ညီလာခံ)တွင်မှ ပါ၀င်လက်မှတ်ရေးထိုးခြင်း မရှိပါ။

၈။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အနေဖြင့် ရခိုင်ပြည်နယ်တွင် ရခိုင် အမျိုးသားများ၏ အမျိုးဘာသာ သာသနာနှင့် သမိုင်းစဉ်ဆက်က တည်ရှိခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ် စေမည် မည်သည့် အားထုတ်မှုမျိုးများကိုမဆို လုံးဝဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်ဟု ပါရှိသည်။

Most read this week