ငြိမ်းချမ်းရေး အဟန့်အတားဖြစ်စေသည့်အချက်များ၊ ချင်းမိုင်ဆွေးနွေးပွဲက ထောက်ပြ

ငြိမ်းချမ်းရေး အဟန့်အတားဖြစ်စေသည့်အချက်များ၊ ချင်းမိုင်ဆွေးနွေးပွဲက ထောက်ပြ
by -
မဇ္ဈိမ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေပြီး ပဋိပက္ခကို ပိုမို ဖြစ်ပေါ်စေသည့် အချက်များကို နိုင်ငံရေးပါတီများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ရှမ်းလူထုအခြေပြုအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ယိန်းဟန်ဖက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ၂၃ ရက်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတို့နှင့် နိုင်ငံရေးပါတီတို့ ဆွေးနွေးမှုတွင် ပဋိပက္ခဖြစ်ပေါ်စေသည့် အခြေ ခံအချက် ခြောက်ချက်ကို ထောက်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။

ပဋိပက္ခဖြစ်ပေါ်စေသည့် အချက်များအဖြစ် အစိုးရတပ်၏ တပ်အင်အားတိုးချဲ့မှု၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ထိရောက်မှုမရှိဘဲ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်း၊ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အားနည်းခြင်းများသည် ငြိမ်းချမ်းရေးရရှိရန် အခက် အခဲဖြစ် ပေါ်နေသည်ဟု အစည်းအဝေး တက်ရောက်သူများက ယူဆကြသည်။

ထို့အတူ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအရေး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ယိန်းဟန်ဖက ပြောသည်။

“ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စကိုလည်း သူတို့က လွှတ်တော်ထဲမှာ တင်ပြပေးမယ်လို့ ပြော တယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့ ဒီရွှေ့ပြောင်းအလုပ်သမားတွေအတွက် စဉ်းစားပေးဖို့ တင်ပြခဲ့တယ်” ဟု ပြောသည်။

ရှေ့လုပ်ငန်းစဉ်များတွင် ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ပြည်ပရောက် လက်နက်ကိုင်များ၊ အဖွဲ့အစည်း များနှင့် ပိုမိုပူးပေါင်းလုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)NLD- LA နိုင်ငံခြား မဟာမိတ်ဆက်ဆံရေးလုပ်ငန်းတာဝန်ခံ ဦးထွန်းအောင်ကျော်က ဆိုသည်။

ထိုနိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အား စု ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ကို အစိုးရ၏ ငြိမ်းချမ်းရေးဂေဟာ MPC မှ စီစဉ်ပေးခြင်းဖြစ်သည်။ ဆွေး နွေးပွဲသို့ ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ပါတီ တက်ရောက်ခဲ့သည်။

ထို့အပြင် UNFC မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ၊ ဒု-ဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါနှင့် ဒု-ဥက္ကဋ္ဌ(၁) ခွန်း အေဘယ်လ်တွိဒ်တို့ ပါ၀င်သည့် ကိုယ်စားလှယ်အဖွဲ့သည်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံရန် နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည်။