ကျောက်တော်၊ ပေါက်တော လူသတ် တရားခံများ ဖေါ်ထုတ်နိုင်ခြင်း မရှိသေး

ကျောက်တော်၊ ပေါက်တော လူသတ် တရားခံများ ဖေါ်ထုတ်နိုင်ခြင်း မရှိသေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပေါက်တောမြို့နယ် (၂) ခုတွင် များမကြာမီက သတ်ဖြတ်ခံခဲ့ရသော ကလေးမ (၂) ဦး အမူများနှင့့် ပတ်သက်ပြီး သင်္ကာမကင်းသူ အများအပြားကို ရဲက ခေါ်ယူစစ်ဆေးနေ သော်လည်း ယခုအချိိန်ထိ တရားခံများကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ် စောမဲကျီ ကျေးရွာတွင် နိုဝင်္ဘာလ ၁၇ ရက်နေ့က အသတ်ခံခဲ့ရသော မဇလပ်ဝါ (၅) နှစ်  အမူနှင့့် ဆက်စပ်ပြီး ၎င်းကျေးရွာမှ လူ (၆) ဦးကို ခေါ်ယူ စစ်ဆေးနေခြင်းမှာ မှန်ကန်သော်လည်း  တရားခံကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပေါက်တောရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ကျနော်တို့က ဖမ်းတာ မဟုတ်ဘူး။ ခေါ်ယူ စစ်ဆေးတဲ့ သဘောလောက်ပါဘဲ။ စုစုပေါင်း (၆) ယောက်ပါ ခင်ဗျာ။ စောမဲကျီရွာကပါခင်ဗျား။ သူတို့ကို တကယ်လို့ မသေချာရင် ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ရမန်နဲ့ ခဏချုပ်ထားတာပါ။ အခုအချိန်ထိတော့ တရားခံ မဖေါ်ထုတ် နိုင်သေး ပါဘူး” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ရမန်ယူပြီး ဖမ်းဆီးထားသော်လည်း သူတို့ (၆) ဦးစလုံးမှာ တရားခံများ မဟုတ်ကြကြောင်း၊ အမူနှင့် ဆက်စပ်ပြီး ခေါ်ယူမေးမြန်းခံကြရသူများသာ ဖြစ်ကြောင်း၊ သူတို့ကို တရားခံများဟု မသုံးစေလိုကြောင်း ၎င်းရဲအရာရှိက ဆိုသည်။

ပေါက်တောမြို့နယ် စောမဲကျီ ခမီးအမျိုးသား ကျေးရွာတွင် ဦးရွှေမိနှင့် ဒေါ်ဝါ၀ါဦးတို့ သမီး မဇလပ်ဝါ (၅) နှစ်သည် လွန်ခဲ့သော တန်ဆောင်မုန်းလပြည့် ညနေက ရွာထဲတွင် ကစားနေရာမှ ပျောက်ဆုံး သွားခဲ့ပြီး နောက်ပိုင်းတွင် အသတ်ခံခဲ့ရသည်။

အလားတူ ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ နိုဝင်္ဘာလ ၁၈ ရက်နေ့က မဖွယ်မရာ ပြုလုပ် သတ်ဖြတ်ခံခဲ့ရသော အသက် (၆) နှစ် အရွယ် မမိမိငယ် အမူနှင့် ဆက်စပ်ပြီးလည်း လူပေါင်း (၁၀) ကျော်ကို စစ်ဆေးမူများ ပြုလုပ်နေသည်ဟု ကျောက်တော်ရဲစခန်းက အတည်ပြု ပြောကြားသည်။

“ စစ်ဆေးနေတုန်းဗျာ။ ဒီနေ့လည်း လူတချို့ကို အပေါက်ဝ ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့တယ်ဗျာ။ စစ်ဆေးပြီး ပြန်လွှတ်တယ် ခင်ဗျာ့။ ရမန်ယူပြီး ဖမ်းဆီးတာတွေတော့ မရှိသေးပါဘူး။ ရခိုင်က (၇) ဦးခန့်နဲ့ မူဆလင်က (၄) ဦးခန့် ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သာ်လည်း ယခုအချိန်ထိ တရားခံကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ရဲတာဝန်ရှိသူက ပြောသည်။

၎င်းအသတ်ခံရသူ ကလေးမ၏ အဖွားဖြစ်သူမှ မမိမိငယ်အား ညဉ့် ၁၀ နာရီကျော်တွင် အိပ်ရာတွင် သိပ်ထားရာမှ ပျောက်ဆုံးသွားပြီး အသတ်ခံရခြင်း ဖြစ်ကြောင်း  ရဲစခန်းတွင် ထွက်ဆိုထားသည်ဟု အပေါက်ဝ ကျေးရွာ ဒေသခံ ဦးစောနုက ပြောသည်။

ယမန်နေ့ကလည်း ကြာညိုပြင်ကျေးရွာမှ လူ သုံးလေးဦးခန့်ကို အပေါက်ဝရဲစခန်းမှ ဆက်လက် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ အမူမှာ နည်းနည်း ပဟေဋိ ဆန်နေကြောင်း၊ သို့သော်လည်း နောက်ရက်အနည်း ငယ်တွင် တရားခံကို ဖေါ်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ တရားခံများကို ရဲတပ်ဖွဲ့က မဖေါ်ထုတ်နိုင်မီ မည်သူ ဖြစ်နိုင်သည်ဟု  ခန့်မှန်း ပြောဆိုမူ လုပ်၍ မရကြောင်း ဦးစောနုက ပြောသည်။

Most read this week