ပြည်မတွင် အဓိကထား ယှဉ်ပြိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်

ပြည်မတွင် အဓိကထား ယှဉ်ပြိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်
by -
မဇ္ဈိမ

တိုင်းရင်းသားညီနောင်ပါတီများ ပူးပေါင်းကာ ဖက်ဒရယ် ပြည်ထောင်စုပါတီ(FUP)အဖြစ် ပြောင်းလဲမှတ်ပုံ တင်ထားပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်ခြင်းပြုမည် မဟုတ်ဘဲ ပြည်မ (တိုင်းဒေသကြီးများ) တွင်သာ အဓိကထား ရွေးကောက်ပွဲသို့ဝင်ရန် ဖွဲ့စည်းသည်ဟု ပါတီ၏ ယာယီဒုတိယခေါင်းဆောင် ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

ပါတီအနေဖြင့် နို၀င်ဘာလ ၁၉ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ထားပြီး ပါတီ မှတ်ပုံတင် ထားသည့် တံဆိပ် အမှတ်အသားများအား ကန့်ကွက်နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာ ထားသည်။ ခုနှစ်ရက်အတွင်း ကန့်ကွက်သူမရှိပါက ပါတီ မှတ်ပုံတင် ကျလာမည်ကို စောင့်ဆိုင်းနေပြီး CEC များကိုလည်း နိုဝင်ဘာလကုန်ပိုင်းတွင် ရွေးချယ်ရန် ပြင်ဆင်ထားသည်ဟု ဦးစောသန်းမြင့်၏ ပြောကြား ချက်အရ သိရသည်။

ပါတီအနေဖြင့် ပြည်မရှိ တိုင်းရင်းသားပါတီတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး ပြည်မတွင်သာ အဓိက ယှဉ်ပြိုင်မည်ဟု ဆိုခြင်း နှင့်ပတ်သက်၍ ယာယီဥက္ကဋ္ဌ ဖြစ်သူ ဦးဂန်ကျန်ထန်းက "တိုင်းရင်းသားလို့ပြောရင် ဗမာမပါဘူးလို့ ထင်ကြတယ်၊ ကျွန်တော်တို့ ပါတီက ပြောတဲ့ တိုင်းရင်းသားဆိုတာ ပြည်ထောင်စုမှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးလုံးကို ဆိုလိုတာပါ" ဟု ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီအနေဖြင့် ပါတီတစ်ခုအဖြစ် စတင်ရပ်တည်ပါက ပြည်သူများအား ပါတီတွင်းသို့ ၀င်ထွက်လေ့လာခွင့်ပေးမည်ဖြစ်သည်။ ပါတီရပ်တည်ပြီးသည့်နောက် လုပ်ဆောင်ရန်အချက်များ အားလုံးကိုလည်း စည်းမျဉ်းရေးဆွဲထားပြီး ကဏ္ဍအသီးသီးနှင့် လုပ်ဆောင်မည်ဟု ဦးဂန်ကျန်ထန်းက ဆိုသည်။

မှတ်ပုံတင်ခွင့်ကျလာပါက ပါတီ၏ လုပ်ငန်းစဉ်များအဖြစ် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အုပ်ချုပ်ရေး လူတန်း စားအပါအဝင် အားလုံးတို့တွင် ကိုယ်ပိုင်ဖန်တီးခွင့် ရရှိရေးတို့ကို မူဝါဒအဖြစ် လုပ်ဆောင်သွားမည်ဟု သိရသည်။

ဦးဂန်ကျန်ထန်းက "လူတွေ အားလုံးက ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့အတိုင်း ကိုယ်ပိုင် ကိုယ့်ကံကြမ္မာကို ဖန်တီးပိုင်ခွင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရှိရမယ်"ဟု ပြောဆိုသည်။

FUP သည် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ ကိုယ်ပွားတစ်ခု ဖြစ်ပြီး၊ ပါတီတည် ထောင်ခွင့် ပြုရန် စက်တင်ဘာလက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့လျှောက် ထားခဲ့ရာ အောက်တိုဘာလ ၂၈ ရက် တွင် ပါတီထောင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

FUP တည်ထောင်သူများ အဖြစ် NBF တွင် ညီနောင်တိုင်းရင်းသားပါတီများမှ တစ်ပါတီလျင် တစ်ဦးမှ နှစ်ဦးသို့ ဖိတ်ခေါ်ခဲ့ရာမှ ယခုတည်ထောင်သူများ အဖြစ် ၁၂ ဦးရှိသည်။ ပါတီအနေဖြင့် ၂၀၁၅ တွင် လွှတ်တော်တွင်း တစ်နေရာရလာပါက ကျန်းမာရေးကဏ္ဍကို အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေး ကဏ္ဍတွင်ပင် HIV/ AIDS ဝေဒနာ သည်များအား ART ဆေးရာသက်ပန် ရရှိရေးအား အဓိကထား လုပ်ဆောင်သွားမည် ဟုဖြစ်သည်။

FUP တည်ထောင်ရန်အတွက် မေလ ၁၁ ရက်တွင် တောင်ကြီးမြို့၌ ပြုလုပ်သည့် ပါတီ ၁၅ ခု စုဖွဲ့ထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ ပြီးလာမည့် ရွေးကောက်ပွဲများ၌ NBF အဖွဲ့ဝင်ပါတီများ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့် မဲဆန္ဒနယ်များ တွင် FUP အမည်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောခဲ့ဖူးသည်။

Most read this week