ကချင်ပြည်နယ်၊ မန်စီမြို့အနီး၊ နမ့်လင်းပါ ကျေးရွာတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)တို့တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် ကျေးရွာများမှ မန်ဝိုင်းကြီးဘက်သို့ထွက်ပြေး လာသူ ရွာဒေသခံများ နှစ်ထောင်ကျော်ရှိနေသည်ဟု ကယ်ဆယ်ရေးစခန်းများတွင် စားနပ်ရိက္ခာများ ကူညီပေးနေသည့် ကတ်သလစ် အသင်းတော်မှ တာဝန်ရှိသူ ကိုနော်ဒင့်က မဇ္ဈိမကို ပြောသည်။
တိုက်ပွဲမှာ နို၀င်ဘာလ ၁၇ရက် မနက် ရနာရီတွင် ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသခံ ရွာသူရွာသားများမှာ တပ်မတော်ဘက်မှ စစ်ကြောင်းများ ၀င်လာစဉ် နိုဝင်ဘာလ ၁၆ ရက်တွင် မန်ဝိုင်းကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ကိုနော်ဒင့်က ပြောသည်။
"မနက် ရ နာရီက စပစ်လိုက်တာ နေ့လည် ၁ နာရီကျော်လောက်မှ တိုက်ပွဲက အသံတွေရပ်သွားတယ်"ဟု ၄င်းက ပြောသည်။
နမ့်လင်းပါ ကျေးရွာမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့စဉ် ကတည်းကပင် ဒုက္ခသည် ၁၀၀၀ ကျော်ပိတ်ဆို့နေခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက “ ပဋိပက္ခဆိုတာ မရှိလေကောင်းလေပါပဲ၊ ကျွန်တော်တို့ ပြောချင်တာတော့ မန်စီကိစ္စက အသေးစိတ်ရယ်တော့ သေချာမသိဘူး၊ ဒါပေမယ့် နားလည်မှုတွေ လွဲနေတယ် ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်တို့ကတော့ ဘယ်လိုကိစ္စတွေပဲ ဖြစ်ဖြစ် စားပွဲဝိုင်းမှာပဲ ဆွေးနွေးချင်ပါတယ်"ဟု ပြောသည်။
ကိုနော်ဒင့်က ဆက်လက်၍ " နိုဝင်ဘာလ ၁၆ ရက်နေ့က နမ့်လင်းပါ ကလူတွေကို ရိက္ခာသွားပို့တာ ၊ အဲဒီမှာ ရိက္ခာတောင် မချရသေးဘူး၊ တပ်မတော် စစ်ကြောင်းတွေက ချီတက်လာလို့ အကုန်ထွက်ပြေးကြတယ်၊ ရိက္ခာကားလည်း ပြန်လှည့်ရတယ်၊ ဘာမှမပေးလိုက်ရဘူး။ အောက်တိုဘာလ ၂၂ ထဲက တပ်တွေက ပိတ်ထားလို့ အခုမှ စားနပ်ရိက္ခာ ပထမဦးဆုံး သွားပို့တာ မပို့ခဲ့ရဘူး "ဟု ကြံုတွေ့ခဲ့ရသည်များကို ပြောသည်။
နို၀င်ဘာလ ၁၆ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ သဘောင်္ ၃ စီး ဆိုက်ကပ်ထားပြီး ဖြစ်သည်ဟုလည်း ကတ်သလစ် အသင်းတော်မှ သိရသည်။
နို၀င်ဘာလ ၁၆ ရက်တွင် တပ်မတော် စစ်ကြောင်းများ ၀င်ရောက်လာမှုကြောင့် နမ့်လင်းပါ ရွာအတွင်း ဒေသခံများ စတင်ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ယခု ဒုတိယအကြိမ် စစ်ကြောင်းချီလာသဖြင့် နမ့်လင်းပါမှ ရွာသား ၁၀၀၀ ကျော်၊ ကောင်လွေနှင့် ဆဂနမ်ခွမ်ကျေးရွာတို့မှ စုစုပေါင်း ၂၃၀၀ ကျော် ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ကိုနော်ဒင့်က ပြောသည်။
ရွာဒေသခံများ ၊ အခြားရွာများမှ စစ်ပြေးကာ နေထိုင်နေကြသူ ဒုက္ခသည်များ ၂၃၀၀ ကျော်ခန့် ရှိနေပြီး ရွာတွင်း ပိတ်ဆို့ကျန်ရှိခဲ့သူများ ရှိမရှိ၊ သေဆုံးသူများရှိမရှိ အတိအကျ မသိရသေးဘဲ အချို့ထွက်ပြေးလာကြသူများမှာ မန်ဝိုင်းကြီးသို့ ရောက်သွားသည့် သူများလည်းရှိသည်။ တောတွင်း ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု ကတ်သလစ်အသင်းတော်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အောက်တိုဘာလ ၂၂ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားမှုကြောင့် ဗန်းမော်မြို့နယ်တွင်း ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး ဖြစ်သဖြင့် ယခု ထပ်မံစစ်ပြေးလာသူများ တိုးလာသဖြင့် မန်စီမြို့နယ်နှင့် ဗန်းမော်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော် ရှိနေပြီဖြစ်သည်ဟု ကချင်နှစ်ခြင်းအသင်းတော် (KBC) ဘုရားကျောင်း၏ စာရင်းများအရ သိရသည်။
နမ့်လင်းပါရွာအပြင် အနီးတစ်ဝိုက်ရှိ ရွာ ၁၀ ရွာခန့်မှာ ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ ၃ ၊ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၁၇ တို့ တည်နေရာများဖြစ်သည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်တို့ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် အထက်အစိုးရနှစ်ဖက်၏ သဘောတူညီမှုများဖြင့် ကချင်လွတ်မြောက်ရေးတပ်များမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်လောက်တွင် နေရာဖယ်ပေးခဲ့သည်။
ထို့နောက်တွင် အစိုးရတပ်မတော်မှ လမ်းကြောင်းကျွမ်းကျင်ရန် လေ့လာမည်ဟု သဘောတူညီမှု ရရှိကာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။