ငပလီဟိုတယ်ဇုန်တွင် ပါ၀င်လာမည့် ကျေးရွာများမှ မြေယာများကို လက်ရှိပိုင်ရှင်များက စိတ်ကြိုက်စျေး နှုန်းဖြင့် ရောင်းဝယ်ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးလှဟန်က နိုဝင်ဘာ၁၃ ရက်တွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။
ငပလီဟိုတယ်ဇုန်ကို သံပုရာ၊ ကျွဲသောက်ကုန်း၊ ကျောက်ကလပ်၊ မော်ရုံ၊ ကျီးကန်းရဲဟူသည့် ကျေးရွာ ငါးရွာခန့် အသစ်ထပ်မံတိုးချဲ့လိုက်ပြီး ကျေးရွာဒေသခံများသည် ၎င်းတို့ လက်ရှိ ပိုင်ဆိုင်ထားသည့် မြေယာများ သိမ်းဆည်းခံရမည်ကို စိုးရိမ်လျက်ရှိနေစဉ် ၀န်ကြီးက အထက်ပါအတိုင်း ကတိပြုပြောဆိုလိုက် ခြင်းဖြစ်သည်။
“ကမ်းခြေအများစုက ဒေသခံတွေရဲ့လယ်ယာမြေတွေ အိမ်ခြံမြေတွေဖြစ်နေတဲ့အတွက် သူတို့စိတ်ကြိုက် ရောင်းချခွင့် ပြုထားတယ်၊ မြေယာပိုင်ဆိုင်မှုတော့ ပြနိုင်ရမှာပေါ့၊ အစိုးရက သိမ်းမှာမဟုတ်ဘူး မြေလွတ် မြေရိုင်းတွေတော့ ဘာမှ ပြောတာမရှိသေးဘူး”ဟု ဦးလှဟန်က ဆိုသည်။
ယင်းအပြင် ကမ်းခြေကျေးရွာများမှ မြေယာရောင်းဝယ်မှုနှင့် ပတ်သက်၍ ဦးကျော်စွာမောင်မောင်က “ဟိုတယ်ဆောက်မယ့်သူတွေလည်း ကိုယ်တိုင် ဆင်းဝယ်သလို၊ ပွဲစားတွေကတစ်ဆင့် ၀ယ်ယူတာလည်း ရှိတယ်၊ ကမ်းခြေရွာတွေရဲ့ မြေစျေးတွေကတော့ တော်တော်ကောင်းနေတယ်”ဟု မဇ္ဈိမသို့ ပြောသည်။
လက်ရှိတွင် ကမ်းခြေကျေးရွာများမှ မြေယာရောင်းဝယ်မှုမှာ ဟိုတယ်ဆောက်မည့်သူများကိုယ်တိုင် ၀ယ်ယူမှုများရှိသလို ပွဲစားမှတစ်ဆင့် ၀ယ်ယူမှုများလည်းရှိနေပြီး လက်ရှိပေါက်စျေး မြေတစ်ဧက သိန်းငါးရာမှ ခြောက်ရာအကြား ရှိနေသည်။
“ရွာသားတွေက မြေစျေးတန်ဖိုးကို မသတ်မှတ်နိုင်ဘဲ လာဝယ်တဲ့စျေးဟာ သူတို့အတွက်များလှပြီ ထင်နေ တယ်၊ ငပလီဖွံ့ဖြိုးလာမယ့်အခြေအနေနဲ့ နှိုင်းယှဉ်ရင် သူတို့ရတဲ့စျေးနှုန်းက လက်ရှိအခြေအနေမှာ အင်မတန်နည်းတယ်”ဟု ငပလီဟိုတယ်ဇုန်အတွင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးဘရွှေက မဇ္ဈိမကို ပြောသည်။
ငပလီကမ်းခြေ ဟိုတယ်ဇုန်သည် ပြည်ပခရီးသွားများကို အဓိကမျှော်လင့်ပြီး စရိတ်ကြီးမြင့်မှုကြောင့် ပြည်တွင်းခရီးသွားများ လာရောက်မှုနည်းသည်ဟု ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
ငပလီဟိုတယ်ဇုန်တွင် ပါ၀င်လာသော ကျေးရွာများသို့ ကားလမ်းဖောက်လုပ်ထားခြင်း မရှိသေးဘဲ ကမ်းခြေလူသွားလမ်းသာ ရှိသေးသဖြင့် ယင်းကမ်းခြေကျေးရွာများကို ငပလီမှ တိုက်ရိုက်ကား လမ်းဖောက် လုပ်ရန် သမ္မတ၏ ငပလီဟိုတယ်ဇုန် အကောင်အထည်ဖော်ရေး အစီအစဉ်တွင် ပါ၀င်သည်ဟု ဟိုတယ်ဇုန် ဥက္ကဋ္ဌက ဆိုသည်။
လက်ရှိတွင် ယင်းကျေးရွာများသို့ သွားလိုပါက သံတွဲမြို့မှတစ်ဆင့် ကားလမ်းဖြင့် သွားနိုင်ပြီး ငပလီကမ်းခြေနှင့် ကားလမ်းဖောက်လုပ်ထားခြင်း မရှိသေးပေ။ ယင်းကျေးရွာများသည် ယခင်က တစ်နိုင်တစ်ပိုင်ငါး ဖမ်းလုပ်ငန်းနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသော ဒေသများ ဖြစ်သည်။
ငပလီကမ်းခြေဒေသသည် အောက်တိုဘာလတွင်းက သွားရောက်ခဲ့သည့် သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်နောက်ပိုင်း ဟိုတယ်ဇုန်ချဲ့ထွင်ခြင်းနှင့် ငပလီကမ်းခြေကို မြို့အဖြစ်သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် မဇင်လေဆိပ်မှ ငပလီကမ်းခြေသို့ ဆက်သွယ်သည့်လမ်းကိုလည်း သုံးဆခန့် တိုးမြှင့်ဖောက်လုပ်ရန် ရှိသေးသည်ဟု ရခိုင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးက ပြောဆိုထားသည်။