အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်း၍ သစ်ကုန်သွယ်မှုများရှိ

အကျင့်ပျက်ဝန်ထမ်းများနှင့်ပေါင်း၍ သစ်ကုန်သွယ်မှုများရှိ
by -
မဇ္ဈိမ

ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ နေ့စဉ်ဖြတ်သန်းနေသော သစ်ကုန်သွယ်မှု များတွင် အကျင့်ပျက်ဝန်ထမ်းများပူးပေါင်းပါ၀င်နေသော မှောင်ခိုသစ်ကုန်သွယ်မှုများ ပါ၀င်နေကြောင်း နို၀င်ဘာ ၁၃ ရက်က ကျင်းပသောပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ကျောက်မဲမဲဆန္ဒနယ်မှ ကိုယ် စားလှယ် ဦးဆောင်ဆီကပြောသည်။

logging-truck

ဦးဆောင်ဆီက ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်မှ သစ်ကုန်သွယ်မှုများသည် ဥပဒေနှင့်အညီ မရှိမည်ကို ပြည်သူများက စိုးရိမ်နေခြင်းကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများပါ၀င် သော အဖွဲ့များဖြင့် ဥပဒေနှင့်အညီ တင်ပို့ရေး ကြပ်မတ်ဆောင်ရွက်ရန်အစီစဉ်ရှိမရှိကို သိရှိလိုကြောင်း မေးခွန်းတင်သွင်းခြင်းဖြစ်သည်။

ဦးဆောင်ဆီက မေးခွန်းမေးရာတွင် “စိုးရိမ်ရတဲ့ အကြောင်းအရင်းကတော့ သစ်မှောင်ခိုသယ်တာနဲ့ ပတ် သက်ရင်ပါမစ်တစ်စောင် တစ်တောလုံးပြောင်” ဆိုသလို သယ်ပို့နေတဲ့ သစ်ကားတွေက အကျင့်ပျက်ဝန် ထမ်းတွေနဲ့ပေါင်းပြီး ဥပဒေမဲ့ သယ်ယူနေကြပါတယ်။ ပါမစ်ရှိတာတွေ ရှိနိုင်ပေမယ့် ပါမစ်မပါတာတွေ များတယ်လို့ ပြည်သူတွေကပြောကြပါတယ်။ သစ်သယ်ယူတာကို တာဝန်ခံတဲ့ မှောင်ခိုသမားတွေက အကျင့်ပျက်ဝန်ထမ်း အချို့နဲ့ပေါင်းပြီး လူမြင်မကောင်းလောက် အောင်လာဘ်ငွေများကို ပေါ်ပေါ်ထင် ထင်လုပ်နေတာ တွေ့ရတဲ့အကြောင်း ပြည်သူများက လာရောက်တိုင်ကြားပါတယ်” ဟု ပြောသည်။

ဦးဆောင်ဆီက “၂၀၁၃ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က သစ်သယ်ယူသည့်ကုန်ကား ၁၁ စီးမှာကျောက် မဲတိုးဂိတ်နှင့် သီပေါတိုးဂိတ်များကိုညှိနှိုင်း၍ အကျင့်ပျက်ဝန်ထမ်းများ ပူးပေါင်းကာ သစ်သယ်ယူခဲ့ပြီး သီပေါတိုးဂိတ်အလွန်တွင် လာဘ်ငွေများကို အပေးအယူလုပ်ဆောင်ခဲ့ကြောင်း” ယင်း၏မေးခွန်းတွင် ဆက်လက်ပြောသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်မှ သစ်ကုန်သွယ်မှုများသည် တစ်လလျှင် မော်တော်ကား အစီးရေ ၁၀၀ မှ ၂၀၀ အကြားရှိကြောင်း ဆက်လက်ပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “အကျင့်ပျက်ဝန်ထမ်းများလည်းရှိနိုင်ပါတယ်။ အကျင့်ပျက်ဝန်ထမ်းများကို ဥပဒေနဲ့အညီ ထိန်းသိမ်းကြပ် မတ်ပြီးတော့ ဖော်ထုတ်တွေ့ရှိရင်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြန် လည်ရှင်းလင်းသည်။

သစ်ကုန်သွယ်မှုပြုလုပ်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများပါ၀င်သည့် အဖွဲ့အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့် Mobile Team အဖွဲ့များဖြင့် ဆောင်ရွက်နေ ကြောင်း အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားသည်။

Mobile Team အဖွဲ့များသည် စီးပွားကူးသန်းဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဒေသခံအုပ် ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကိုယ် စားလှယ်နှင့် မီဒီယာအဖွဲ့များပါ၀င်ခြင်းကြောင့် ပြည်သူ့ကိုယ်စားပြုပုဂ်္ဂိုလ်များပါသည့် အဖွဲ့အစည်းဖြစ် ကြောင်းလည်းပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်မှ သစ်သယ်ယူမှုများတွင် ဖြစ်နိုင် သည့်အကြောင်းအရင်းငါးချက်ရှိပြီး ယင်းတို့တွင် တရားမဝင်သစ်များ သယ်ဆောင်သည့်ကားများလည်း ပါ၀င်နိုင်သော်လည်း တရားမဝင်သစ်သယ်ယူမှုများသည် လျှို့ဝှက်ဆောင်ရွက်ကြခြင်းကြောင့် ပြည်သူ လူထူများ အလွယ်တကူသိရန်ခက်ခဲကြောင်း ယင်းကပြောသည်။

Most read this week