ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်ရင်း(၃)လက်အောက်ခံ ဒေသသို့ အစိုးရတပ်က လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် စစ်ရေးတင်းမာလျက်ရှိသည်ဟု KIA တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က မဇ္စျိမကို ပြောသည်။
“အစိုးရစစ်တပ်က တိုက်ပွဲမှာကျသွားတဲ့ စစ်သားတွေ၊ ဒဏ်ရာရသွားတဲ့ စစ်သားတွေနေရာ အစားထိုး၊ ရိက္ခာတွေ ထပ်ဖြည့်နေတယ်။ ခုလောလောဆယ်တော့ နားနေတဲ့သဘောပဲ။ ဆုတ်ဖို့မရှိဘူး။ တိုးမြှင့်ဖို့ပဲ ရှိတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက အစိုးရ၏စစ်တပ်က မန်စီမြို့မှ ရှမ်းပြည်နယ် မိုးမိတ်ဘက်အထိ ဖောက်လုပ်ထားသော ပြည်ထောင်စု လမ်းမဟောင်းအား ကြည့်ရှုမည်ဟုဆိုကာ ၀င်ရောက်လာရာမှ ယ နေ့ထိတပ်စွဲထားကာ အင်အားဖြည့်တင်းမှုများ ဆက်လက်ရှိနေသဖြင့် နယ်မြေစိုးမိုးရေး ဆက်လက်လုပ် ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
“သူတို့က ဒီဘက်ကို ကားလမ်းဟောင်း လိုက်ကြည့်မယ်ဆိုလို့ ကျွန်တော်တို့ ဖယ်ပေးပါဆိုပြီး ကျွန်တော် တို့ ဖယ်ပေးလိုက်တော့ ခုဘာလမ်းမှလည်းမပြင်ဘဲ ခုထိရှိနေတယ်။ သူတို့ ဒီလိုအစိုးရတပ်မဆုတ်မချင်း စစ်ဆင်ရေး ဆက်လုပ်နေရင် တိုက်ပွဲကတော့ ပြင်းထန်ဦးမှာဘဲ”ဟု ဆိုသည်။
ယခုလ ၁၁ ရက်ထိ အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာမှ နို၀င်ဘာလ ၁၂ ရက်မှ ၁၃ ရက် မွန်းလွဲပိုင်းထိ အစိုးရဘက်မှ လှုပ်ရှားမှုနှင့် ပစ်ခတ်မှုများမရှိဘဲ တည်ငြိမ်နေသော်လည်း နှစ်ဖက် နီး နီးကပ်ကပ် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။
နို၀င်ဘာလ ၁၀ ရက် စဂနမ်ခွမ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ရင်း ၁၂ မှ အရာခံဗိုလ် အင်ခွမ်အောင်မိုင် ကျဆုံးသွားခဲ့ပြီး အစိုးရနှင့် နှစ်လကြာ တိုက်ပွဲအတွင်း KIA တပ်သား အနည်းဆုံးငါးဦး ကျဆုံးသွားပြီဖြစ်ကြောင်း ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။
တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း အနည်းဆုံး ရ၈,၀၀၀ ခန့်ရှိနေပြီဖြစ်ပြီး လတ်တလော တိုက်ပွဲဖြစ် ပွားနေသော မန်စီမြို့နယ်အတွင်းရှိ နမ်လင်းပါ၊ မိုင်းခေါင်၊ ဗန်းမော် စသည့်နေရာများသို့ စစ်ပြေးဒုက္ခသည်များ ထပ်မံ ရောက်ရှိလာနေဆဲ ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက်က KIO ဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂအဖွဲ့အစည်း များ ရောက်ရှိလာရာ ထောက်ပံ့ပစ္စည်းများ သယ်ဆောင်လာသော ကား ၁၃ စီးနှင့် လူစီးကား ခြောက်စီးတို့ ထပ်မံ ရောက်ရှိလာသည်။
“အရင်မပေးသေးတဲ့ ဂျေယန်းစခန်း၊ ဖုန်လုံယန်ဘက်သွားပေးတယ်။ မန်စီဘက်လည်း ကူညီဖို့တော့ ခွင့် ရပြီ။ အဲဒီကို သွားဖို့ပြောတယ်။ ဒါပေမဲ့ လုံခြံုရေးကြောင့် မသွားနိုင်ကြဘူး”ဟု KIO မှ စစ်ပြေးဒုက္ခသည် များ ကူညီရေးကော်မတီမှ တာဝန်ခံဦးဒွဲပီဆားက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ကုလသမဂ္ဂအကူအညီများ နှစ်ကြိမ်တိုင်တိုင် လက်ခံရရှိခဲ့ပြီး ယခု တစ်ကြိမ်ပါဆိုလျှင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း ကုလသမဂ္ဂအကူအညီသုံးကြိမ် လက်ခံရရှိခဲ့ပြီး ဖြစ်သည်။