ရခိုင်စာဆို တန်းခိုးဆရာထွန်း စာပေဆု ဒုတိယအကြိမ် ချီးမြှင့်မည်

ရခိုင်စာဆို တန်းခိုးဆရာထွန်း စာပေဆု ဒုတိယအကြိမ် ချီးမြှင့်မည်
by -
နိရဥ္စရာ

အင်္ဂလိပ် အစိုးရ လက်ထက်က ထင်ရှားကျော်ကြားခဲ့သော ရခိုင်စာဆို တန်းခိုးဆရာထွန်း စာပေဆု ချီးမြှင့်ပွဲကို လာမည့်နှစ် ဇန္နဝါရီလတွင် ကျင်းပ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သတင်း ရရှိသည်။

တန်းခိုးဆရာထွန်း စာပေဆု ချီးမြှင့်ပွဲ ကျင်းပနိုင်ရေး အတွက် ယခုအခါ ရခိုင်စာပေ ပညာရှင်များဖြင့် ကော်မီတီ တစ်ခုကို အောင်မြင်စွာ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း၊ လာမည့် ဇန္နဝါရီလ ပထမ အပတ် (သို့မဟုတ်) ဒုတိယ အပတ်တွင် စာပေဆု ချီးမြှင့်ပွဲကို အခမ်းအနားဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကော်မီတီ ဥက္ကဌ စစ်တွေ သိန်းနောင်က နိရဥ္စရာသို့ ပြောဆိုသည်။

ARAKAN-TRADITIONAL-DANCEmake-a-devotional-offering-TO-BUDDHIST

ဆရာသိန်းနောင်က “ တန်းခိုး ဆရာထွန်းဆိုတာက အင်္ဂလိပ်ခေတ် ရခိုင်စာပေနယ်မှာ အထူး ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပြီး သူ့စာပေတွေဟာ နိုင်းပြလို့ မရအောင်ထိ တန်ဖိုးရှိပါတယ်။ ဒါကြောင့် သူ့ကို လေးစားတဲ့ ဂုဏ်ပြုတဲ့ အနေနဲ့ ခုလို စာပေဆု ချီးမြှင့်ဖို့ ကြိုးပမ်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် တန်းခိုး ဆရာထွန်း စာပေဆုကို နောင်အခါ ရခိုင် အမျိုးသား စာပေဆုထိ ဖြစ်လာအောင် ကျနော်တို့ ရည်ရွယ်ထား ပါတယ်” ဟု ဆိုသည်။

တန်းခိုးဆရာထွန်းသည် ပုဏ္ဍားကျွန်းမြို့နယ် တန်းခိုးရွာ ဇာတိ ဖြစ်ပြီး ၀တ္ထု၊ ဇာတ်များ အပါအဝင် စာအုပ်ပေါင်း (၆၀)  ကျော်ကို ရေးသားခဲ့ပြီး ယခုအခါ စာအုပ်အများအပြားကို ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပြီဟု ဆိုသည်။

ဆရာသိန်းနောင်က “ ဗမာပြည်မှာ ဦးပုညတို့လို ထင်ရှားတဲ့ စာဆို တစ်ယောက် ဖြစ်တယ်။ သူရေးခဲ့တဲ့ စာပေတွေဟာ ရခိုင်စာပေ တစ်ခေတ်ကို ရှေ့သို့ ရောက်အောင် တွန်းပို့နိုင်ခဲ့တယ်။ ပီးရင် သူရေးခဲ့တဲ့ ဇာတ်ဝတ္ထုတွေမှာ ရခိုင် ဝေါဟာရတွေကို သုံးနုန်း ရေးသားထားတာတွေဟာ အထူး ပြောင်မြှောက်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူ့လို လူမျိုး နောက်ထပ် ရခိုင်စာပေနယ်မှာ ပေါ်ပေါက်ဖို့ဆိုတာ မလွယ်ကူလှပါ” ဟု ဆိုသည်။

တန်းခိုး ဆရာထွန်း စာပေဆုတွင် ကဗျာနှင့် ဆောင်းပါးဆု အပြင် ဂီတ စာဆိုဆုများကိုလည်း ချီးမြှင့်သွားမည် ဟု သိရသည်။

ဒုတိယ အကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲ ကျင်းပရေးကော်မတီတွင် နာယကအဖွဲ့ ၁။ သုတေသီ – အသျှင်စဣိန္ဒ (မောင်တော) ၂။ သုတေသီ အသျှင်ကုသလ(သံတွဲ) ၃။ အသျှင် ပဏ္ဍိတ (မြို့မကျောင်း၊ ပုဏ္ဏားကျွန်း) ၄။ တန်းခိုးဆရာတော် ၅။ သုတေသီ – ဦးအောင်ချစ် ၆။ သုတေသီ-ဦးကျော်ထွန်းအောင် (မြောက်ဦး) ရ။ ဦးမောင်ကျော်ဦး (ပုဏ္ဏားကျွန်း) တို့ပါ၀င်ကြသည်။

အမူူဆောင် ကော်မီကို လူပေါင်း (၁၉) ဦးဖြင့် ဖွဲ့စည်းထားပြီး ထိုအထဲတွင် ဦးဘသိမ်း(သိန်းနောင်) ဥက္ကဌ၊  ဦးထွန်းအောင်ရွှေ (စစ်တွေ-ညိုသန့်) ဒု-ဥက္ကဌ(၁)၊ ဦးဦးလှကျော် (ဗဂျီးကျော်) ဒုဥက္ကဌ(၂)၊ ဦးအောင်လှသံ (ပုဏ္ဏားကျွန်း) ဒုဥက္ကဌ(၃)၊ ဦးကျော်ဆန်း (လွမ်းပြေအောင်) အထွေထွေအတွင်းရေးမှူး၊  ဦးသိန်းဌေးအောင် (သိန်းဌေးအောင်) အတွင်းရေးမှူး (၁)၊  ဦးကျော်အေး (ချမ်းမြေ့စည်) အတွင်းရေးမှူး(၂)၊  ဦးလှရွှေ(ရွှေဖုန်း) အတွင်းရေးမှူး(၃) စသည်တို့ ပါ၀င်ကြသည်။

ဒုတိယအကြိမ်မြောက် တန်းခိုးဆရာထွန်း စာပီဆု ချီးမြှင့်ပွဲ အတွက် ကူညီ လိုသူ   ပြည်တွင်း/ ပြည်ပ အလှူရှင်များ အနေဖြင့်  စစ်တွေ သိန်းနောင် (ဖုန်း) – ၀၉၃၆၀၅၇၂၄၅၊  လွမ်းပြေအောင်(ဖုန်း) ၀၉၈၅၀၀၂၆၆ နှင့် ဦးတင်အောင်ထွန်း (ဖုန်း) ၀၉၄၉၆၆၄၇၄၄ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြသည်ဟု သတင်း ရရှိသည်။

Most read this week