ပလောင် (တအာင်း) နှင့် အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးပွဲ ရက်ချိန်းပျက်ပြယ်

ပလောင် (တအာင်း) နှင့် အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးပွဲ ရက်ချိန်းပျက်ပြယ်
by -
ရွှေဟင်္သာ

နိုဝင်ဘာလအတွင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စား လှယ်တို့ တွေ့ဆုံရန် ချိန်းဆို ထားမှုသည် အစိုးရ တပ်များ၏ တအာင်း ဒေသတွင်း ထိုးစစ်ဆင် တိုက်ခိုက် နေမှု များကြောင့် ဆွေးနွေးပွဲ ကျင်းပ နိုင်တော့မည် မဟုတ်ကြောင်း PSLF အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်မှ ဆိုပါသည်။

“ဒီနေ့ကျနော်တို့တပ်စခန်း ရှိရာ ဘက်ကို သူတို့ တက်မလာတော့ တိုက်ပွဲတော့ မဖြစ် သေးဘူး။ ဒါပေမယ့် ကွတ်ခိုင် မြို့နယ်မှာ (၃) နေရာ၊ နမ့်ခမ်း မြို့နယ် ဘက်မှာ ဆိုရင် (၁) နေရာ၊ နမ့်ဆန် မြို့နယ်မှာ ဆိုရင် (၂) နေရာ အဲဒီ နေရာ တွေမှာ ဆိုရင် အစိုးရ တပ်ဖွဲ့တွေက ကျနော်တို့တပ်ဖွဲ့တွေကို လက်နက် ကြီးနဲ့ လှမ်းလှမ်းပြီး ပစ်နေတယ်” ဟု ဆိုပါသည်။

မူဆယ် ဆွေးနွေး ပွဲမှ ပလောင် ပြည်သူများ ကြိုဆိုနေပုံ

ပြီးခဲ့သည့် အောက်တိုဘာ (၁၄) ရက်နေ့တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့နှင့် အစိုးရ နည်း ပညာ အထောက် အကူပြု အဖွဲ့တို့သည်တရုတ် နိုင်ငံ ရွှေလီမြို့ Return ဟိုတယ်၌ ဒုတိယအကြိမ် အလွတ်သဘော  တွေ့ဆုံ ဆွေးနွေး ပွဲပြီး နောက်ပိုင်း တိုက်ပွဲ (၁၂) ကြိမ် ဖြစ်ပွား ခဲ့ကြပြီး ဖြစ်သည်။

ဤကဲ့ သို့သော စစ်ရေး ဖိအား ပေးနေမှု များကြောင့် PSLF သည် အောက်တိုဘာလ (၁၄) ရက်နေ့၌တရုတ် ပြည်ရွှေလီမြို့ဆွေးနွေးပွဲမှ နိုဝင်ဘာ လအတွင်း ပြန်လည် တွေ့ဆုံရန် မူအရ သဘော တူညီ ချက်ကို လက်မခံ ပယ်ချ နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

သို့သော်လည်း အစိုးရ ငြိမ်းချမ်းရေး စင်တာမှမူ နှစ်ဖက် တွေ့ဆုံ နိုင်မည့် ရက်ကို ညှိနှိုင်း နေဆဲ ဖြစ်ကြောင်း အကျိုးဆောင် တဦး ဖြစ်သူ ဦးညိုအုန်းမြင့်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ယနေ့ နေ့လည် ပိုင်းတွင် ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

“ပလောင်နဲ့တွေ့နိုင်ဖို့ကိုတော့ နှစ်ဖက် ညှိနေ ကြတုန်းပဲ၊ ကျနော်တို့ မှာလည်း ရက်က ကြပ်နေ တယ်လေ၊ ဒီကြား ထဲမှာလည်း အခြား ခရီးစဉ် တွေလည်း ရှိသေးတယ် ဆိုတော့ ဘယ်နေ့မှာ ပလောင် အဖွဲ့နဲ့ တွေ့နိုင်မယ် ဆိုတာတော့ မပြောနိုင် သေးပါဘူး။  အဲဒီလိုဘဲ TNLA ဘက်ကလည်း သူတို့ ဘယ်အချိန် ပြန်တွေ ့နိုင်မယ် ဆိုတာ ကိုလည်း အကြောင်း ပြန်ကြား ချက်တွေ မရသေး တာလည်း ပါတယ်” ဟု ဦးညိုအုန်းမြင့်က ဆိုပါသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ (၄/၅) ရက်နေ့ များ၌လည်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ကျင်းပသည့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်း များတို့ တွ့ဆုံစဉ် TNLA ဥက္ကဌ တာအိုက်ဖုန်းနှင့် အလွတ်သဘော တွေ့ဆုံ ခဲ့သေးကြောင်း MPC နည်းပညာ အထောက် အကူပြု အဖွဲ့မှဦးညိုအုံးမြင့်မှ ဆိုပါသည်။

ယင်း အလွတ်သဘော တွေ့ဆုံစဉ် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ ကျင်းပ နိုင်ရန် နှစ်ဖက် သဘောတူ ထားကြောင်းလည်း ဆိုသွား ပါသည်။

ဦးညိုအုန်းမြင့်၏ ပြောကြား ချက်အား PSLF အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တားဘုန်ကျော်က ငြင်းဆိုပြီး နှစ်ဖက် တွေ့ဆုံ နှုတ်ဆက်သည့် အနေ အထား အဆင့်သာ ဖြစ်ကြောင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရန် ပလောင် အဖွဲ့မှ သဘောတူ ထားသည်ဟု ညှိနှိုင်း ခဲ့သည်မှာ မဟုတ်မှန်ကြောင်း ဆိုပါသည်။

ယင်းတွေ့ဆုံ မှုတွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရေးမှာ နှစ်ဖက် ဖြစ်ပွား နေသည့် တိုက်ပွဲများလျော့ချရန် လိုအပ်ကြောင်း ပလောင် ဖက်မှ အလွတ်သဘော  တောင်းဆို ခဲ့ပါသည်။သို့သော်လည်း အစိုးရ တပ်များသည် ဆက်လက် စစ်ဆင် နေသည့် အပြင် စခန်းသိမ်း တိုက်ပွဲများပါ တိုက်ခိုက် လာခဲ့ ပါသည်။

အပစ်အခတ် ရပ်စဲရေး အတွက် TNLA အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် တို့သည်၂၀၁၂ ခုနှစ် နိုဝင်ဘာလ ကတည်းက ထိုင်းနိုင်ငံ ဇင်းမယ် မြို့၌ စတင် ဆွေးနွေး လာခဲ့ပြီး၊ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ရှမ်းမြောက်ပိုင်း မူဆယ် မြို့၌ တကြိမ်နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ လတွင် တရုတ်ပြည် ရွှေလီမြို့၌ တကြိမ် အလွတ် သဘော (၃) ကြိမ် တွေ့ဆုံ ခဲ့ပြီး ဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။