မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့တွင် ဗိုလ်ချုပ်အုန်းမြင့် မုဒုံမြို့နယ်ဘက်သို့ ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းများနှင့် အစိုးရစာသင်ကျောင်းများတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ လှုဒါန်းခဲ့သည်။
ဗိုလ်ချုပ်အုန်းမြင့်နှင့် အဖွဲ့ဝင် ၁၅ ဦးတို့သည် မုဒုံမြို့နယ် နှီးဗဒေါကျေးရွာ အစိုးရအလယ်တန်းကျောင်းတွင် အခမ်းအနားကျင်းပပြီး ၄င်းအခမ်းအနားတွင် နှီးဗဒေါရွာ၊ အဘစ်ရွာ၊ ယောင်ဒေါင်းရွာနှင့် ကွမ်လှာရွာမှ ရွာသူရွာသားပေါင်း ရဝဝ ဦးခန့် တက်ရောက်ခဲ့ကြသည်။
၄င်းအခမ်းအနားတွင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုလာပြား ၃ စုံနှင့် အစိုးရစာသင်ကျောင်းများကို ကြည့်ရှုလေ့လာပြီး လာမည့်နှစ်များတွင်လည်း လာရောက်လှူဒါန်းဦးမည်ဟု ဗိုလ်ချုပ်အုန်းမြင့် ပြောကြားသွားသည်ကို် အခမ်းအနားသို့ တက်ရောက်သူ အဘစ်ရွာသားတစ်ဦးက ဆိုသည်။
၄င်းအပြင် ကမာဝက်ကျေးရွာတွင်လည်း ခြသေ့င်္ဘုန်းတော်ကြီးကျောင်း၊ ဓါတ်တော်ကျောင်းနှင့် လွီမာန်ထောကျောင်းတို့တွင် တစ်ကျောင်းလျှင် ဆိုလာပြားတစ်စုံ၊ ငွေကျပ် ၁ သိန်းနှင့် သင်္ကန်းများကိုလည်း လှုဒါန်းသွားခဲ့သည်ဟု ဆရာတော်ဘုရားတစ်ဦးထံမှ ကြားသိရသည်။
၄င်းအစိုးရအဖွဲ့မှ လာရောက်လှုဒါန်းသည့်အကြောင်းနှင့် ပတ်သက်၍ ရွာသားများနှင့် မွန်ဒီမိုကရေစီအဖွဲ့တို့က ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဆက်စပ်မှုရှိသည်ဟု ဝေဖန် ပြောဆိုနေကြသည်။
“မြန်မာစစ်အစိုးရတွေက သူတို့ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် အလုပ်မစခင်ကတည်းက ပြည်သူတွေ သူတို့အပေါ် ယုံကြည်မှုရှိအောင် အရင်ဦးဆုံးလုပ်တယ်၊ သူတို့ကို ထောက်ခံမှုရဖို့အတွက်လည်း ကြိုးစားနေတယ်” ဟု ကွမ်လှာ ရွာသားတစ်ဦးကပြောသည်။
မွန်ဒီမိုကရေစီအဖွဲ့၏ အတွင်းရေးမှုး ဒေါက်တာမင်းစိုးလင်းက “ ဗိုလ်ချုပ်အုန်းမြင့် အခုလို လှူဒါန်းတာက လူထုတွေရဲ့ ထောက်ခံမှုကို လိုချင်လို့၊ သူက မုဒုံမြို့နယ်ဘက်မှာ အမတ်လောင်းအတွက် ရည်ရွယ်ထားတဲ့ သတင်းတွေကိုလည်း ကြားနေရတယ်” ဟု ပြောသည်။
အချို့သော ပြည်သူပြည်သားများကလည်း နှစ်စဉ်နှစ်တိုင်း ဗိုလ်ချုပ်အုန်းမြင့် လာရောက်လှုဒါန်းနေသည်ဟုလည်း ပြောနေကြသည်။
“ကျနော်တို့ရွာမှာ မူလတန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းရှိတယ်။ သူပြောတာတော့ လာလှူမယ်လို့တော့ ပြောတာပဲ၊ ဘယ်တော့လာဦးမယ်လို့တော့ မသိသေးဘူး၊ သူတို့က နှစ်တိုင်းတော့ လာလေ့ရှိပါတယ်” ဟု နှီးဗဒေါကျေးရွာမှ ဆရာဝန်တစ်ဦးက ဆိုသည်။
ဒေါက်တာမင်းစိုးလင်းပြောပြချက်အရ “လာမယ့် ဇွန်လ အတာသင်္ကြန်ပြီးရင် စည်းရုံးရေးဆင်းဖို့အတွက် နိုင်ငံရေးပါတီတွေအားလုံး ကော်မရှင်ဖွင့်ခွင့်ရမယ်၊ အခုလောလောဆယ်တော့ စစ်အစိုးရတွေက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွေမှာ လှူဒါန်းတာလောက်ပါပဲ၊ စည်းရုံးရေးဆင်းတဲ့ပုံစံတော့ မဟုတ်ဘူးပေါ့” ဟု ဆိုသည်။