ရခိုင်လူငယ် ကိုရဲမင်းဦးကို ရုံးထုတ်စစ်ဆေး

ရခိုင်လူငယ် ကိုရဲမင်းဦးကို ရုံးထုတ်စစ်ဆေး
by -
နိရဥ္စရာ

ဆူပူ လှုံဆော်မှုဖြင့် တရားစွဲဆိုခံနေရသည့် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင် ရခိုင်လူငယ် ကိုရဲမင်းဦးကို ယနေ့ နိုဝင်္ဘာလ ၁၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးသည်ဟု သတင်းရရှိသည်။

ကိုရဲမင်းဦးက နိုဝင်္ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် သာကေတမြို့နယ်တရားရုံး၌ တရားသူကြီး ဦးကျော်ကျော်ဝင်းက စစ်ဆေးခြင်း ဖြစ်သည်ဟု သူနှင့် အဖွဲ့တစ်ခုတည်း အတွင်း လုပ်ကိုင်နေသူ ရခိုင်လူငယ်အဖွဲ့ အဖွဲ့ဝင် ကိုဖိုးသားက နိရဥ္စရာသို့ ပြောသည်။

ကိုဖိုးသားက “ ကိုရဲမင်းဦးမှာက ဒီကနေ့ စစ်တာက အမူ တစ်ခုတည်းပါ။ ၅၀၅ (ခ)နဲ့ စစ်ပါတယ်။ ဒီနေ့ အဓိက စစ်ဆေးတာ ကတော့ ရဲမှူး ဦးကျော် ၀င်းကိုဘဲ စစ်ဆေးပါတယ်။ ကိုရဲမင်းဦးကို ရုံးထုတ်တာက အကြိမ် ၂၀ ကျော်ပါပြီ။ အယင် အကြိမ်တွေမှာ စစ်ဆေး မေးမြန်းတာတွေ မရှိခဲ့ဘူး။ ရုံးချိန်းခေါ်ပြီးတော့ ရက်ပြန်ချိန်းလိုက် လုပ်နေတာနဲ့ဘဲ အချိန်တွေ ကုန်နေပါတယ်။ တရားသူကြီး လာမယ်- လာမယ်နဲ့ တစ်နေကုန် စောင့်ခိုင်း ထားပြီး ညှင်းပမ်းထားတဲ့ အကြိမ်တွေလည်း မနည်းရှိပါတယ်။ ဒီနေ့မှ တရက်စစ်ဆေးတာ ရှိပါတယ်”  ဟု ၎င်းက ဆိုသည်။

ရခိုင်လူငယ်များအဖွဲ့အနေဖြင့် ကိုရဲမင်းဦးအား ဖမ်းဆီးထားမူနှင့် ပတ်သက်ပြီး ယခုလအတွင်း သတင်းစာရှင်း လင်းပွဲတစ်ခုကိုလည်း  ပြုလုပ်သွားမည်ဟုလည်း ကိုဖိုးသားက ပြောသည်။

“ အခုလို ရုံးတင်ပေမယ့် အမှုကို  မစစ်ဘဲနဲ့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ လုပ်နေတဲ့ အတွက် သူဟာ မတရား ဖမ်းဆီးခံထားရတယ်ဆိုတာ  ပိုပြီးတော့ ထင်ထင်ရှားရှားဖြစ်လာတဲ့ အတွက်ကြောင့် ဒီလအတွင်း မှာ သတင်းစာရှင်းလင်းပွဲနဲ့ မီဒီယာတွေကို ရှင်းလင်းပွဲ တစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ကိုဖိုးသားက ဆိုသည်။

အလားတူ ရန်ကုန်မြို့ ရဟန်းပျိုအဖွဲ့ကလည်း  ကိုရဲမင်းဦးကို မတရားဖမ်းဆီးထားပြီး အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း မရှိဘဲ ရုံထုတ်/ပြန်ထည့်ထားခြင်းသည် တည်ဆဲ တရား ဥပဒေနှင့် မကိုက်ညီသည့် အပြင် တမင်သက်သက် ညှင်းပန်းနှိပ်စက်ခြင်း သဘောဆောင်နေသဖြင့် ကိုရဲမင်းဦးအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် ၎င်းရဟန်းတော် အဖွဲ့မှ သူ၏ ဘဝလုံခြံုရေးကိုလည်း အာဏာပိုင်များက တာဝန်ယူရမည်ဟု တောင်းဆိုထားကြောင်း သိရသည်။

ကိုရဲမင်းဦးအား ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်မှ ၂၀၁၃ ခု မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် ရဲအဖွဲ့ တစ်ခုက အရပ်ဝတ်ဖြင့် အမည်မသိသော နေရာ တစ်ခုသို့ ခေါ်ယူသွားခဲ့သဖြင့် မတ်လ ၂၆ ရက်နေ့တွင် သူ၏ မိသားစုများက ဗဟန်း ရဲစခန်း တွင် လူပျောက်မှု အမှတ် (၁၃/၂၀၁၃) ဖြင့် အမူဖွင့်ခဲ့သည်။

ကိုရဲမင်းဦးကို ကျောက်တံတား တရားရုံး ရာကြီးပုဒ်မ ၁၀၄/၂၀၁၃၊ ပုဒ်မ ၅၀၅(ခ) ဖြင့်  အရေးယူထားပြီး ၂၀၁၃ ခု ဧပြီလ ၄ ရက်နေ့က စတင်ပြီး ရုံးထုတ်ခဲ့သည်။

ကိုရဲမင်းဦးသည် စီးပွားရေးပညာရပ်ဖြင့် တက္ကသိုလ် တက်ရောက်သင်ကြားနေစဉ် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) တွင်လည်း အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည့်အပြင်  ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း  ဖမ်းဆီးခံရပြီး ၂၀၁၁ ခုနှစ်မှ ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်သည်။

Most read this week