သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံကို တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် သြစတြေးလျနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကို ဖိတ်ကြားထား သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် သက်ဆိုင်သည့် အစီအစဉ်များတွင် ကချင်အဖွဲ့အစည်း များ ပါဝင်မည်မဟုတ်ဟု နိုဝင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုသို့ထုတ်ပြန်ခြင်းသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော စစ်ပွဲများနှင့် ပတ်သက်၍ နေရပ်စွန့်ခွာ၍ အိုးမဲ့အိမ်မဲ့ဖြစ်သူ တစ်သိန်းကျော်ရှိနေပြီး ကချင်ပြည်သူများအနေဖြင့် အသက်ဆုံးရှုံးမှုများ၊ အဓမ္မပြုကျင့်ခံရမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ တိတ်ဆိတ်နေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဥပက္ခာပြုသည်ဟုဆိုကာ ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်ကို သြစတြေးလျရောက်ကချင်အဖွဲ့အစည်းများဖြစ်သည့် KAA NSW၊ KAA Wagga Wagga ၊ KAA Melbourne၊ QKC တို့က ပူးပေါင်းကာ နိုဝင်ဘာလ ၁၁ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာခံစားနေရသူများကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံသို့ နိုဝင်ဘာလ ၂၇ရက်တွင် သွားရောက်မည်ဖြစ်ပြီး ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံ တက်ရောက်မည်ဖြစ်သည်။
ထို့အပြင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။
သူမ၏ ခရီးစဉ်အတွင်း သြစတြေးလျရောက် မြန်မာနိုင်ငံသားများ၊ မြန်မာအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ခရီးစဉ်ကို ဒီဇင်ဘာလ ၂ရက်တွင် အဆုံးသတ်မည် ဖြစ်သည်။