တိုးမြှင့်သည့် မီတာခနှုန်းထားများ လျှော့ချ မပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒပြမည်ဟု ဆို

တိုးမြှင့်သည့် မီတာခနှုန်းထားများ လျှော့ချ မပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒပြမည်ဟု ဆို
by -
မဇ္ဈိမ

နိုဝင်ဘာလတွင် စတင် တိုးမြင့်ကောက်ခံမည်ဖြစ်သော မီတာခနှုန်းထားများကို လျော့ချပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒထုတ်ဖော်သွားမည်ဟု ရန်ကုန်မြို့တွင် နိုဝင်ဘာ ရ ရက်ညနေပိုင်း၌  ဒုတိယနေ့အဖြစ် ဆန္ဒထုတ်ဖော်သူများက ပြောကြားလိုက်သည်။

ဆန္ဒဖော်ထုတ်ရာတွင်  ဒီမိုကရေစီအင်အားစု၊ Generation Youths၊ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများနှင့် ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့တို့မှ ပါ၀င်သော်လည်း အဖွဲ့ကိုယ်စားပြုအနေဖြင့် ဆန္ဒပြခြင်းမဟုတ်ဘဲ ပြည်သူကိုယ်စားပြုအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းတို့က ဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါ၀င်သူ ဒီမိုကရေးစီအင်အားစုမှ ဦးသန်းဆွေက “ မီတာခ စျေးတွေ မလျော့ပေးမချင်း ဆက်တိုက် ဆန္ဒထုတ်ဖော်သွားမယ်။ အခုလို ဆန္ဒထုတ်ဖော်တာ ပြည်သူကို ကိုယ်စားပြုပြီး ထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို  ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများသည် မြေနီကုန်း စီတီးမတ်အနီးမှ စတင်လမ်းလျှောက် ထွက်ခွာပြီး အလုံမြို့ နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးသို့ ဖယောင်းတိုင်များ ကိုင်ကာ စီတန်းလှည့်လည် လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဆန္ဒပြသူများသည် ပြည်သူကို ကိုယ်စားမပြုဟု ပြောခြင်းနှင့် ပတ်သက်၍လည်း “ လျှပ်စစ်မီတာ စျေးနှုန်းလျော့ကျစေချင်တဲ့ ပြည်သူတွေကို စစ်တမ်းကောက်ကြည့်ပါ။ ပြည်သူတွေက စျေးနှုန်း မလျော့ကျချင်ဘူးဆိုရင် ကျွန်တော်တို့ အဖမ်းခံလိုက်မယ်၊အမှန်တကယ် လျော့ကျချင်တယ်ဆိုရင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် ရာထူးက နုတ်ထွက်ပေးပါ”ဟုလည်း ဆန္ဒထုတ်ဖော်သူများက မြေနီကုန်းမှ စတင်ထွက် ခွာရာတွင် အများပြည်သူသို့ အသိပေး ပြောကြားသည်။   

ယင်းဆန္ဒထုတ်ဖော်မှုတွင် ပြည်သူများလည်း ပူးပေါင်းပါ၀င်ပြီး စုစုပေါင်း ဦးရေ  ၅၀ ခန့် ဆန္ဒဖော်ထုတ်ကြ သည်။

မီတာခများ လျော့ချပေးရန်အတွက် ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့နှင့် Generation Youths အဖွဲ့တို့က နိုဝင်ဘာ ၆ ရက်တွင်လည်း တစ်ဖွဲ့စီ ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

အဆိုပါဆန္ဒထုတ်ဖော်ကြသူများသည် ကြိုတင်ခွင့်ပြုချက်မရယူဘဲ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ပြီးသည်။ ပထမနေ့က(နိုဝင်ဘာ ၆ ရက်)တွင်လည်း ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ်မှုကြောင့် Generation Youths မှ အဖွဲ့ခေါင်းဆောင် ကိုတင်ထွဋ်ပိုင်ကို ည ရ နာရီခန့်က ကျောက်တံတား ရဲစခန်းမှ လာရောက် ခေါ်ဆောင် သွားခဲ့ပြီး နိုဝင်ဘာ ရ ရက်တွင် ပြန်လည်လွတ်မြောက်လာကာ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုတွင် ထပ်မံပါ၀င်ခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပြင်ဆင်သည့်နှုန်းထား ပြင် ဆင်ခြင်းကို အောက်တိုဘာ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှ ယူနစ်တစ်ရာ အထိအား ၃၅ ကျပ်ဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ပြီး ၁၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ် ၅၀ကျပ်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်း ပါ၀င်သည်။

စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားနှုန်းထားများကို တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိအား တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းဖြင့် တွက်ချက်မည်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် တွက်ချက် ကောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်သည်။ ယင်းသတ်မှတ်ချက်မှာလည်း နို၀င်ဘာလမှစတင် အကြံုးဝင်မည်ဖြစ်သည်။