ပေါက်တောမြို့မှ အန်ဂျီအိုများထွက်ခွာ

ပေါက်တောမြို့မှ အန်ဂျီအိုများထွက်ခွာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် အခြေစိုက် လှုပ်ရှားနေကြသည့် နိုင်ငံတကာ အန်ဂျီအို (၃) ဖွဲ့  ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်း အောင်က ပြောသည်။

ထွက်ခွာသွားကြသော နိုင်ငံတကာ အန်ဂျီအိုများမှာ မာတေဇာ၊ Save the children နှင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။

“ သူတို့ရုံးတွေကို ပြန်အပ်ပြီး မနေ့ကတည်းက ထွက်သွားကြတာ ဖြစ်တဲ့ အတွက် အပြီးအပိုင် ထွက်သွားကြ တာ ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ထွက်ခွာသွားကြသည်မှာ ပေါက်တောမြို့ခံများက အန်ဂျီအိုများကို လက်မခံကြောင်း ကြေငြာချက် ထုတ်ပြန်သည့်အတွက် ဖြစ်နိုင်ကြောင်း ပေါက်တောမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

သူက “ ကျွန်တော်တို့ ပေါက်တောမှာ မြို့သူ မြို့သားတွေက အောက်တိုဘာလ ၃ ရက်နေ့ကတည်းက အန်ဂျီအိုတွေ ကို မြို့ပေါ်မှာ ရုံးစိုက်ပြီး လှုပ်ရှားတာကို လက်မခံတော့ဘူးလို့ စာထုတ်တယ်။ ပေါက်တော မှာရှိတဲ့ အန်ဂျီအိုတွေ ၂ ရက်အတွင်း ထွက်သွားကြဖို့တောင်းဆိုတဲ့အတွက် သူတို့ ထွက်သွားကြတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ပေါက်တောမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ပေါက်တော မြို့သူ မြို့သားများက လူထုအစည်းအဝေးတရပ်ကျင်းပပြီး အချက် ၉ ချက်ပါ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များထဲတွင် ပေါက်တောမြို့နယ်အတွင်း ဒေသခံများမဟုတ်သော NGO- INGO များအတွက် အိမ်းငှားရမ်းမှုကို ကန့်ကွက်ကြောင်း၊ ဒေသအတွင်း ဒေသခံများမဟုတ်သော နိုင်ငံတကာ အန်ဂျီအိုများ (၂) ရက်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုကြောင်း၊ ယင်းပြင် လတ်တလောဖြစ်ပွား ခဲ့သော ဆင်တက်မော်ပြဿနာတွင် ရက်စက်စွာသတ်ဖြတ်ခံရသည့် ဌာနေ ရခိုင်လူနာများအား ICRC မှ ခွဲခြားပစ်ပယ် ဆက်ဆံမှုကို လုံးဝကန့်ကွက်ကြောင်း ဖေါ်ပြသည့် အချက်များ ပါ၀င်သည်။

Most read this week