အစိုးရနှင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် တစ်တိုင်းပြည်လုံးအပစ်ရပ်ရေးကို ပထမခြေလှမ်းအဖြစ်မထားလိုဘဲ ဒုတိယ အဆင့်တွင်ထားလိုသည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောဆိုသည်။
ဦးသိန်းစိန်အစိုးရသည် အမျိုးသားရင်ကြားစေ့ရေးအတွက် ပထမအဆင့် အဖြစ် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအားလုံး တစ်ပြည်လုံးအတိုင်း အတာဖြင့်အပစ်ရပ်ရမည်၊ ဒုတိယအဆင့်တွင် ဆွေးနွေးလို သည့် နိုင်ငံရေးမူဘောင် ကိစ္စဆွေးနွေးမည်၊ နောက်ဆုံးအဆင့်တွင် ပင်လုံကဲ့သို့သော နိုင်ငံရေးဆွေးနွေးပွဲ တရပ်ကျင်းပမည် - စသဖြင့် ပြင်ဆင်ထားသည်။
“ဒါကတော့ အစိုးရဘက်ပေါ့ဗျာ။ ကျနော်တို့တိုင်းရင်းသားဘက်တော့ ပထမ အဆင့်နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စအရင်ဆွေးနွေးချင်တယ်။ အဲဒီ့ကိစ္စပြီးရင် အပစ်ရပ်ဖို့က ဘာမှ မခက်တော့ဘူး။ နှစ်ခုလုံး တခါတည်းရသွားနိုင်တယ်။” - ဟု ပြည်ထောင်စုအင်စတီဂျုမှ ဦးခွန်စိုင်းက ပြောသည်။
အဆိုပါကိစ္စရပ်များ နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရှိစေရန် ယနေ့ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ ၌ နှစ်ဘက် ခေါင်းဆောင်များတွေ့ဆုံနေကြောင်း၊ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက် ရေးကော်မတီမှ ဒုတိယ ဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ဦးဆောင်တက်ရောက်ကြောင်း ကြားသိရသည်။
တစ်ပြည်လုံးအပစ်ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြစ်ကြီးနားမြို့၌ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးနေခြင်းဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့မှ ထိပ်းသီးကိုယ်စားလှယ်များသည် ဦးသိန်းစိန်အစိုးရနှင့် တပြည်လုံးအတိုင်းအတာ အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကချင်လွတ်လပ် ရေးအဖွဲ့ချုပ် လိုင်ဇာမြို့၌ (အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၂ ရက်နေ့အထိ) ၄ ရက်ကြာတွေ့ဆုံ ဆွေးနွေးကြသည်။
ထိုဆွေးနွေးပွဲတွင် ပင်လုံစိတ်ဓါတ်၊ ပင်လုံ (၁၉၄၇ ပင်လုံမြို့၌ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးသည့် စာချုပ်)မူကို အခြေခံသော ပြည်ထောင်စုညီလာခံကျင်းပရေး - ပါဝင်သည့် အချက် ရ ချက်ဖြင့် လက်တွဲဖေါ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့သည်။