လုံခြံုရေးအခြေအနေမကောင်းသည့်အတွက် ကချင်စစ်ပြေးဒုက္ခသည်တို့ကိုမကူညီနိုင်ဟု UN ပြော

လုံခြံုရေးအခြေအနေမကောင်းသည့်အတွက် ကချင်စစ်ပြေးဒုက္ခသည်တို့ကိုမကူညီနိုင်ဟု UN ပြော
by -
မဇ္ဈိမ

ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ ကချင်စစ်ပြေးဒုက္ခသည်တို့အတွက် ကယ်ဆယ်ရေးအကူအညီများ သွားရောက်ပေးအပ်ရန်လိုသော်လည်း လုံခြံုရေးအခြေအနေမကောင်းသည့်အတွက် သွားရောက် နိုင်ခြင်း မရှိသေးဟု ကုလသမဂ္ဂပြန်ကြားရေးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက နိုဝင်ဘာ ၄ ရက် တွင် မဇ္စျိမကို ပြောသည်။

“မန်စီမှာရှိနေတဲ့ ဒုက္ခသည်တွေဆီကိုသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ လုံခြံုရေးအရဘယ်လိုမှ စိတ်မချရသေးဘူး။ လုံခြံုရေးကိုစိတ်ပူလို့ မသွားဖြစ်သေးတာပါ။ ကူညီတဲ့အစီအစဉ် ဘာမှမစရသေးပါဘူး။ အဓိကက လုံခြံုရေးမကောင်းလို့ပါ”ဟု မဇ္စျိမကို ပြောသည်။

မန်စီမြို့နယ် နမ့်လင်းပါကျေးရွာတွင် ဒုက္ခသည် ဦးရေ ၆၀၀ ခန့်ရှိနေပြီး အောက်တိုဘာလ ၂၂ ရက်မှ စတင်၍စစ်ကြောင်း စတင်ချီတက်လာရာမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ကြောင့်ဒေသခံတို့ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်၍မရသေး ဟုလည်း ဒုက္ခသည်များကို အကူအညီပေးနေသူ ဗန်းမော်မြို့ခံ မကေသီက ပြောသည်။

“စစ်တပ်ကတားထားတာမဟုတ်ပေမယ့် သူတို့တပ်တွေက ရှေ့ကနေပစ်နေတော့ ဘယ်လိုမှ ဆက်သွားလို့မရဘူး”ဟု မဇ္စျိမကို ပြောသည်။

ဒုက္ခသည်များအတွက် ဗန်းမော်မြို့မှ ဂရုဏာမြန်မာလူမှုမြှင့်တင်ရေးအဖွဲ့ မိုင်းခေါင်ကျေးရွာမှ KBC ဘုရား ကျောင်း၊ ကတ်သလစ်အသင်းတော်ကျောင်းများမှ ရိက္ခာထောက်ပံ့ပေးရန် လုပ်ဆောင်လျက်ရှိသော် လည်း အခက်အခဲများရှိဟုဆိုသည်။

ဒုက္ခသည်များထံသို့ အောက်တိုဘာ ၂၉ ရက်တွင် ရိက္ခာပို့ရန် ကြိုးစားခဲ့သော်လည်း အစိုးရစစ်တပ်မှ စစ် ကြောင်းချီတက်မှုများရှိနေခြင်းကြောင့် သွားရောက်နိုင်ခြင်းမရှိဟု ဗန်းမော်မြို့ကက်သလစ်အသင်းတော် အသင်းဝင်ကယ်ဆယ်ရေးများ လိုက်လံလုပ်ဆောင်နေသူ ဖာသာခါးလိ ပြောသည်။

“ကျွန်တော်တို့တွေလည်း ကြိုးစားနေတယ်၊ ဆန်တွေပို့ဖို့ အောက်တိုဘာလ ၂၉ ရက်မှာသွားတာပဲ မုန်းဒိမ်ပါရွာလည်း ရောက်ရော အရှေ့မှာလက်နက်ကြီးတွေ ကျတာတွေ၊ စစ်ကြောင်းချီနေတာတွေနဲ့ ဆက်သွားလို့ဘယ်လိုမှ မရတော့ဘူး။ အဲ့တာနဲ့ နောက်ကြောင်းပြန်လှည့်လာရတယ်”ဟု ပြောသည်။

ဒုက္ခသည်တို့အတွက် စားနပ်ရိက္ခာများ နို၀င်ဘာ ၂၉ ရက်ကတည်းက ပြတ်လပ်လျက်ရှိနေရာ စိုးရိမ်စရာ အခြေအနေဖြစ်နေသည်ဟုလည်း ဂရုဏာမြန်မာလူမှုမြှင့်တင်ရေးအဖွဲ့ဝင် ဦးနော်ဒင့်က ပြောသည်။

“ကျွန်တော်တို့ ကြိုးစားလုပ်နေပေမယ့် ဆန်တွေကိုပို့ဖို့က အခက်အခဲဖြစ်နေတယ်။ ရွာကသူတွေက သူတို့စိုက်ထားတဲ့ စိုက်ခင်းတွေလည်း ဘာမှမရှိတော့ဘူး။ ရှိတာတွေလည်း အပြင်ထွက်ရိတ်သိမ်းလို့မရနဲ့ ဘာတွေစားနေကြလဲပဲ စိတ်ပူနေတာ” ဟု ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လကတည်းက အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တိုက်ပွဲများအတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် ကချင်ဒုက္ခသည် ရ၀၀၀၀ နီးပါးရှိနေနိုင်သည်ဟု ဒုက္ခသည်အရေး ကူညီနေသည့် အဖွဲ့အစည်းများက ဆိုသည်။

ဒုက္ခသည်များအတွက် အကူအညီပေးရာတွင်အတားအဆီးများရှိနေခြင်းကြောင့် ဒုက္ခသည်အားလုံး၏ ၂၀ ရာခိုင်နှုန်းကိုသာ ကူညီနိုင်သေးသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီ ဆောင်ရွက်ပေးရေးရုံး UNOCHA ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖေါ်ပြထားသည်။

Most read this week