အန်ဂျီအိုများအား ကန့်ကွက်သည့်ဆန္ဒပြပွဲ စစ်တွေနှင့် ပေါက်တောတွင် ပေါ်ပေါက်

အန်ဂျီအိုများအား ကန့်ကွက်သည့်ဆန္ဒပြပွဲ စစ်တွေနှင့် ပေါက်တောတွင် ပေါ်ပေါက်
by -
နိရဥ္စရာ

ဒဏ်ရာရရှိသူဘင်္ဂလီများကို ICRC မှ လုပ်ငန်းသုံး အမြန်ယာဉ်နှင့် စစ်တွေဆေးရုံးကို တင်ပို့ပြီး တိုက်ခိုက် ခံရသည့် ဒေသခံ ရခိုင်အမျိုးသမီးများကို တစုံတရာ ကူညီမပေးသည့် အတွက် ပေါက်တောမြို့ သာသနာ့ ဗိမာန်ကြီးတွင် ယမန်နေ့က အရေးပေါ် လူထု အစည်းအဝေး တရပ်ကျင်းပပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန် တောင်းဆို ခဲ့သည်ဟု သတင်း ရရှိသည်။

ပေါက်တောမြို့မှ ဒေသခံ လူကြီးတစ်ဦးအပြောအရ တောင်းဆိုချက် ၉ ချက် ပါ ကြေငြာချက်တွင် ပေါက်တောမြို့နယ် ဆင်တက်မော်ပြဿနာတွင် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဌာနေ ရခိုင်လူနာများအား ICRC မှ ခွဲခြားပစ်ပယ် ဆက်ဆံမှုကို လုံးဝ ကန့်ကွက်ကြောင်းနှင့်  ပေါက်တောမြို့တွင် ဒေသခံများ မဟုတ်သော NGO- INGO များအတွက် အိမ်းငှားရမ်းမှုကို ကန့်ကွက်ကြောင်း ဦးစွာ ဖေါ်ပြသည်။

စစ်တွေတွင် နိုဝင်္ဘာလ ၃ ရက်နေ့က အန်ဂျီအိုများကို ဆန့်ကျင် ကန့်ကွက်နေကြစဉ်။

၎င်းအပြင် ဒေသခံများမဟုတ်သော NGO-INGO များရပ်တည် လှုပ်ရှားမှုများကို လုံး ၀ကန့်ကွက်သည် (၂ ရက်အတွင်း ထွက်ခွာကြရန်)၊ ပေါက်တောမြို့နယ်အတွင်း ဘင်္ဂလီများ ကျူးလွန်နေ သည့် ကျွဲ၊ နွားခိုးယူ ပြစ်မှုအသီးသီးအား သက်ဆိုင်ရာမှ ဥပဒေအရ ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန်တို့ ပါ၀င်သည်။

အလားတူ စစ်တွေမြို့တွင်လည်း NGO များ၏ တဖက်သတ် လုပ်ဆောင်မှုများကို မကျေနပ်သဖြင့်  စစ်တွေမြို့ ခံ ၂၀၀ ခန့်က ဆေးရုံးကြီးရှေ့တွင် နိုဝင်္ဘာလ ၃ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့နယ် စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော် များအဖွဲ့မှ ဦးဓမ္မဓဇက “ ဆင်တက်မော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စိုက်ထားတဲ့ ကျွန်းပင်တွေကို ဘင်္ဂလီတွေက ထင်းဝင်ခုတ်တယ်။ ရွာသားတွေက တားမြစ်ပါ တယ်။ အဲဒီမှာ စကားများ ပြဿနာဖြစ်ပါတယ်။ ဖြစ်တဲ့အချိန်မှာ တာဝန်ရှိက ဟန့်တားပေမယ့် မရတဲ့ အတွက်ကြောင့် ခြိမ်းခြောက် ပစ်ခတ်တဲ့ အတွက် ဘင်္ဂလီ ၃ ဦး ဒဏ်ရာရတယ်။ အဲဒါကို မကျေနပ်လို့ ဆင်အိုင်ကျေးရွာက မမေသန်းခင်အပါအဝင် အမျိုးသမီး ၅ ယောက်ကို ဘင်္ဂလီလူအုပ်ကြီးက လိုက်ပြီး ဓါးနဲ့ ခုတ်ကြတယ်။ တစ်ယောက်သေပြီးတော့ မမေသန်းခင်မှာ ဒဏ်ရာရတယ်။ NGO တွေက ဒဏ်ရာရသူ ဘင်္ဂလီ ၃ ဦးကို စပိဘုတ်နဲ့ယူဆောင်သွားပြီး တော့  မမေသန်းခင်ကို မယူခဲ့ဘူး။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြ တောင်းဆိုရတာ ဖြစ်ပါတယ်”  ဟု ဆိုသည်။

ဒဏ်ရာရသူ ဘင်္ဂလီ ၃ ဦးကိုသာ တင်ဆောင်ပြီး ရခိုင်အမျိုးသမီးကို မတင်ဆောင်ဘဲ ထွက်ခွါသွားသော NGO မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဖြစ်ကြောင်း ဦးဇင်းက ဆက်ပြောသည်။

ဆင်အိုင်ကျေးရွာသူများ တိုက်ခိုက်ရခြင်းနှင့်် ပတ်သတ်ပြီး စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက် ရေး ရဟန်းတော်များအဖွဲ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား အချက် (၃) ချက်ပါ တောင်းဆိုချက်ကို ယမန်နေ့က ရေးသားတောင်းဆိုခဲ့သည်ဟု သိရသည်။

စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များကွက်ယက် ဥက္ကဌ သာသနာ့ဘုံမြေ ကျောင်းဆရာတော် ဦးသုဂန္ဓက “ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ ဗုဒ္ဓဘာသာများ အမြတ် တနိုးထားသည့် ဘုရား၊စေတီ တောင်ပေါ်ရှိ သစ်ဝါးများကို ခုတ်ယူမှုကို ဗုဒ္ဓဘာသာဝင်ရခိုင်များ ဟန့်တား ရာမှ ပြဿနာစဖြစ်ကြရာ လုံခြံုရေးတာဝန် ခံများမှ ငြိမ်းချမ်းအောင်လုပ်ဆောင်မှုကို အာခံပြီး အပြစ်မရှိ မိမိတို့ စားဝတ်နေရေးအတွက် ငါးရှာ ဟင်းခူးသည့် ရခိုင် ဗုဒ္ဓဘာသာ အမျိုးသမီးနှစ်ကို ရက်စက်စွာ သတ်ဖြတ်ခြင်း။ ကျေးတောအုပ်စု ဗျိုးဖြူရွာတွင် အမျိုးသမီးများ ကို ဆေးကုပေးသည်ဟုဆိုကာ အန်ဂျီအို အချို့မှ ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးမြောက်များစွာရှိခြင်းကိုလည်း ကြားမြင်သိရှိ နေရပါသည်။ စစ်တွေမြို့ နေရာအနှံ့အပြားတွင် စျေးများများပေးကာ အိမ်၊ ကားဂိုတောင်များကို ငှားရမ်းပြီး ဘင်္ဂ လီ ကုလားများနှင့်ပူးပေါင်းကာ အဖျက်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ကြားမြင်နေရသည်။ သို့ပါ၍ အထက်ပါ အချက်များကို မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသည်။”ဟု ဆိုသည်။

ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ရဟန်းတော်များ တွေ့ဆုံရန် တောင်းဆို ခဲ့သော်လည်း ရုံး ပိတ်ရက်ဖြစ်သည့် အတွက် မတွေ့ဆုံနိုင်ခဲ့သော်လည်း ယနေ့နံက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးမှ ရဟန်းတော် များနှင့် ၀န်ကြီးချုပ်တွေ့ဆုံရန် အကြောင်းကြားလာကြောင်း၊ ယနေ့ နံနက် ၁၀ နာရီတွင် NGO အဖွဲ့များနှင့် ၀န်ကြီးချုပ် တွေ့ဆုံရန် ရှိကြောင်းလည်း ဖုန်းဖြင့် အကြောင်း ကြားလာကြောင်း ဆရာတော်က ပြောဆိုသွားသည်။

Most read this week