ပေါက်တောမြို့နယ်အကြမ်းဖက်တိုက်ခိုက်ခံရသူ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

ပေါက်တောမြို့နယ်အကြမ်းဖက်တိုက်ခိုက်ခံရသူ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ငါးရှာ ဂုံးကောက်နေသော အမျိုးသမီးအုပ်စုအား ဆင်တက်မော် ဒုက္ခသည်စခန်းမှ မွတ်ဆလင်အချို့ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦးပွဲချင်းပီးသေဆုံးပြီး အခြားတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူအမျိုးသမီးမှာ ပေါက်တောမြို့နယ်၊ ဆင်အိုင်ကျေးရွာနေ ကလေး (၄) ယောက်မိခင် ဒေါ်မလှခင် (၃၈) နှစ် ဦးအောင်ထွန်းဖြူ၏ဇနီး ဖြစ်ကြောင်း၊ အခြားတစ်ဦးမှာ လက်မောင်းတစ်ဘက်ပြတ်ထွက်ဒဏ်ရာ ရရှ်ိသွားသူ မမေသန်းခင် (၁၇) နှစ်ဖြစ်သည်ဟု ကျေးရွာလူကြီး ဦးထွန်းအေးသိန်းက နိရဥ္စရာသို့ ပြောသည်။

ယင်းအဖြစ်အပျက်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်၌ ဆင်အိုင်ကျေးရွာအနီးရှိ မြစ်တွင် ငါးရှာနေစဉ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ဦးထွန်းအေးသိန်းက ပြောသည်။

သူက “ ငါးရှာ ဂုံးကောက်သွားတဲ့ အမျိုးသမီးက တစ်ဆယ်ကျော် ဖြစ်ပါတယ်။ ပထမ ငါးယောက် ခြောက်ယောက်က ငါးရှာပြီး မြစ်ကမ်းကနေ အိမ်ကို ပြန်တက်လာကြတယ်။ နောက် ငါးယောက်က ကျန်နေခဲ့ပါတယ်။ အဲဒီကျန်နေခဲ့တဲ့ အုပ်စုကို ဆင်တက်မော် စခန်းက ဘင်္ဂလီ အုပ်စု တစ်ခုက နင်တို့ ရခိုင်တွေ မဟုတ်ဘူးလားဆိုပြီး လှံတွေနဲ့ထိုး၊ ဓါးတွေနဲ့ ခုတ်ကြပါတယ်။ မလှခင်က လှံနဲ့ အထိုးခံရတဲ့ အတွက် ပွဲချင်းပီး ဆုံးပါတယ်။ မမေသန်းခင်က လက်မောင်း ပြတ်ထွက်သွားပါတယ်” ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်သူ မမေသန်းခင်ကို စစ်တွေ ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တင်ထားရသည်ဟု သိရသည်။

၄င်းအမျိုးသမီးများအနေဖြင့်တစ်စုံတစ်ရာ စကားများ ရန်ဖြစ်ခြင်း မရှိဘဲ အလိုလို လာရောက်ပြီး ရတိုက်ခိုက်ခံခြင်း ဖြစ်ကြောင်း၊ ဆင်တက်မော်စခန်းသို့ ပြောင်းရွှေ့နေထိုင်သူ ငှက်ချောင်း ဒုက္ခသည်စခန်းနေ ဘင်္ဂလီသုံးဦးက ဦးဆောင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဦးထွန်းအေးသိန်းက ဆက်ပြောသည်။

ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ၄င်းဖြစ်စဉ်ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားပြီး တပ်အင်အားနည်းနေသဖြင့် ဒေသခံများလုံခြံုရေး အကူအညီတောင်းသဖြင့် ပေါက်တောမြို့ရှိ ဗျူဟာမှူးကိို အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောသည်။

ပေါက်တောရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီး ဖြစ်သဖြင့် လုံခြံုရေး စိုးရိမ်စရာမရှိပါဟု ပြောသည်။

ယခုအခါ ဆင်အိုင် ကျေးရွာသို့ ခမရ ၅၃၁ မှ တပ်ဖွဲ့တစ်ခုနှင့် ရဲတပ်ဖွဲ့ အချို့ရောက်ရှိနေသော်လည်း ပြစ်မူ ကျူးလွန်သူများကို  တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမူများ မရှိသေးဟု သိရသည်။

Most read this week