လျှပ်စစ်သုံးစွဲခသတ်မှတ်ချက်မှာနိုင်ငံတကာနှင့်ပြောင်းပြန်ဖြစ်နေဟု လုပ်ငန်းရှင်များ သုံးသပ်

လျှပ်စစ်သုံးစွဲခသတ်မှတ်ချက်မှာနိုင်ငံတကာနှင့်ပြောင်းပြန်ဖြစ်နေဟု လုပ်ငန်းရှင်များ သုံးသပ်
by -
မဇ္ဈိမ

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲခသတ်မှတ်ချက်မှာ နိုင်ငံတကာတွင်ကျင့်သုံးသည့် အလေ့အထများနှင့် ပြောင်းပြန်ဖြစ်နေပြီး လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲမှုအား မလိုလားသည့်အသွင် ဆောင်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြပြောဆိုလိုက်သည်။

နိုင်ငံတကာတွင် လျှပ်စစ်ဓာတ်အား အမြောက်အမြားသုံးစွဲသူများနှင့် စက်မှုလုပ်ငန်းများအား လျှပ်စစ်ဓာတ် အား သုံးစွဲခနှုန်းထားသတ်မှတ်ချက်လျှော့ချပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ သုံးစွဲသည့် ပမာဏများလာသည်နှင့်အမျှ ဓာတ်အားသုံးစွဲခနှုန်းထားအား တိုးမြှင့်သတ်မှတ်ထားခြင်းအပေါ် ယင်းတို့ က ပြောသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “နိုင်ငံတ ကာမှာက ပိုသုံးရင်စျေးသက်သာသွားတယ်။ ဒီမှာတော့ ဟိုးအရင်ကတည်းက ပြောင်းပြန် ဖြစ်နေတာ။ အခုထိလည်း ပြောင်းပြန်ဖြစ်တုန်းပဲ။ အဓိက,ကတော့ လျှပ်စစ်များ များမသုံးစေချင်တာပါ”ဟု ပြောသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးဝေအဖွဲ့က လျှပ်စစ်ဓာတ်အားသုံးစွဲခ ပြင်ဆင်သည့်နှုန်းထား ပြင်ဆင်ခြင်းကို အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်လိုက်ပြီး အိမ်သုံးဖြစ်ပါက တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်ဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကာ ၁၀၁ ယူနစ်မှ စတင်ကာ တစ်ယူနစ် ၅၀ ကျပ်နှုန်း ဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်း ပါ၀င်သည်။

စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားနှုန်းထားများကို တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအား တစ်ယူနစ် လျှင် ကျပ် ၁၀၀ နှုန်းဖြင့် တွက်ချက်မည်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှစတင်ကာ တစ်ယူနစ်လျှင် ကျပ် ၁၅၀ နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ယင်းသတ်မှတ်ချက်မှာလည်း နို၀င် ဘာလမှ စတင်အကြံုးဝင်မည်ဖြစ်ကြောင်း ပါ၀င်သည်။

အာဆီယံဒေသတွင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လျှပ်စစ်ဓာတ်အားပေးဝေရာတွင် အိမ်သုံးနှင့် စက်မှုလုပ်ငန်းသုံးအား ခွဲခြားသတ်မှတ်ထားခြင်းရှိသော်လည်း အိမ်သုံးနှင့် စက်မှုလုပ်ငန်းသုံးနှစ် မျိုးစလုံးတွင် ဓာတ်အားပိုမိုသုံးစွဲပါက တစ်ယူနစ်အပေါ် သတ်မှတ်သည့်နှုန်းထား လျော့ကျလာကြောင်း ယင်းတို့က ပြောသည်။ ယင်းသို့ဆောင်ရွက်ခြင်းမှာ စီးပွားရေးသီအိုရီသဘောအရ စားသုံးသူများလာစေ ရန်နှင့် ပိုမိုသုံးစွဲသူအား စျေးလျှော့ပေးခြင်းဖြင့် ဆွဲဆောင်သည့်နည်းလမ်းတစ်ခုလည်း ဖြစ်ကြောင်းဆို သည်။

ထို့အပြင် ဒီမိုကရေစီနိုင်ငံများအနေဖြင့် လျှပ်စစ်မီး၊ ရေ၊ ပညာရေးနှင့် ကျန်းမာရေး စသည်တို့အား အဆင် ပြေအောင် ဆောင်ရွက်ပေးခြင်းမှာ အခွန်ထမ်း ပြည်သူများအား အစိုးရမှဝတ္တရားအရ ဆောင်ရွက်ပေးရ သည့်လုပ်ငန်းစဉ်များဖြစ်ကြောင်း နိုင်ငံတကာအတွေ့အကြံုရှိ စီးပွားရေးပညာရှင် ဦးလှမောင်က ပြော သည်။

ဦးလှမောင်က “မြန်မာနိုင်ငံက အစိုးရတွေက လုပ်လိုက်၊ တွေးလိုက်ရင် အဆန်းကြီးပဲ။ လျှပ်စစ်ပေးလို့ ရှုံးနေရင် ရသုံးမှန်းခြေငွေစာရင်းကိုကြည့် လိုငွေပြတာတွေအတွက် တကယ်လုပ်ဖို့မလိုတဲ့ ကဏ္ဍတွေမှာ လျှော့သုံးပေါ့။ ဘာဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်စေမယ့်နည်းကို စဉ်းစားတာလဲ။ လျှပ်စစ်မီးဆိုတာ အစိုးရရဲ့ ပြည်သူတွေဆီကနေ အခွန်တွေယူထားတဲ့အတွက် အဆင်ပြေအောင် ပြန်လုပ်ပေးရတဲ့တာဝန် တစ်ခုပါ။ စီးပွားရေးလုပ်ငန်းမဟုတ်ဘူး”ဟု ပြောသည်။

လက်ရှိပြင်ဆင်လိုက်သည့် နှုန်းထားများအရ တစ်လလျှင် လျှပ်စစ်ယူနစ်၂၅၀ သုံးစွဲသည့်အိမ်ဖြစ်ပါက ယူနစ် ၁၀၀အား တစ်ယူနစ် ၃၅ ကျပ်နှုန်းထားနှင့် ကျန်ယူနစ် ၁၅၀အား တစ်ယူနစ်ကျပ် ၅၀ ဖြင့် တွက် ချက်ပေးဆောင်ရမည်ဖြစ်ရာ ပိုသုံးစွဲသည့်အိမ်မှာပိုမိုပေးဆောင်ရမည် ဖြစ်သည်။