တိုင်းရင်းသားလူငယ်များ ပါ၀င်သည့် KNLA ၏ စစ်ဖက်အခြေခံဆေးသင်တန်းပြီးစီး

တိုင်းရင်းသားလူငယ်များ ပါ၀င်သည့် KNLA ၏ စစ်ဖက်အခြေခံဆေးသင်တန်းပြီးစီး
by -
ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဖက်ဆေးဌာနမှ ဦးစီးဖွင့်လှစ်သောတိုင်းရင်း သား လူငယ်များပါ၀င်သည့် အချိန်ခြောက်လကြာ အပတ်စဉ် (၂၇) စစ်ဖက်အခြေခံဆေး သင်တန်းကို အောက်တိုဘာ ၂၉ ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားအတူ ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေရှိ သေ့ဘေ့ ထာ့နေရာတွင် KNLA ဗဟိုစစ်ဖက်ဆေးဌာနက ကရင်လူငယ်များအပါအဝင် ကချင်၊ ကယန်း၊ သျှမ်း၊ ရခိုင်၊ ပလောင်၊ နာဂ စသည့် တိုင်းရင်းသားလူငယ်မောင်မယ် စုစုပေါင်း ၉၅ ဦးအား အဆိုပါ အခြေခံဆေး သင်တန်းကို ဖွင့်လှစ်သင် ကြားပေးခဲ့ခြင်းဖြစ်သည်။

ယခုဖွင့်လှစ်သင်ကြားပေးခဲ့သော စစ်ဖက်အခြေခံ ဆေးသင်တန်းတွင် အခြေခံစစ်သင်တန်း၊ ရှေးဦးသူနာပြု၊ ခန္ဓာဗေဒဆိုင်ရာ အခြေခံသိမှတ်ဖွယ်ရာများ၊ အခြေခံခွဲစိတ်၊ သားဖွားနှင့် အခြေခံဆေးကုသမှုဆိုင်ရာများ စသည့် အခြေခံဆေးပညာဘာသာရပ် ၆ မျိုးကို အဓိက သင်ကြားပေးခဲ့သည်ဟု သိရသည်။

KNLA စစ်ဖက် ဆိုင်ရာဗဟိုဆေးဌာနမှ ဌာနမှူး ဗိုလ်မှူးကြီး နော်စေးဒေးကဲက ယခုဆေးသင်တန်းကို တစ်နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးပြီး ယခုနှစ်အတွက် မေလမှ စတင်၍ လက်ရှိသင်တန်းပြီးစီး သည် အထိဖြစ်ကာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။

“သင်တန်းဖွင့်လှစ်ရတာကတော့ ကျမတို့ကရင်လူမျိုးအတွက်ဆိုရင် စစ်ဖက်ရော၊ အရပ်သားရော ခွဲခြားထား မျိုးမဟုတ်ပဲနဲ့ အထောက်အကူပြုနိုင်အောင် ကိုယ့်ကရင်လူမျိုုးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးအသိဗဟု သု တတွေ ပြန့်ပွားလာအောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်တာပါ။ နောက် ဒီနှစ်ထူးခြားတာက ကိုယ့်နဲ့ ဘဝတူ တိုင်းရင်းသားတွေ သင်တန်းမှာ ပါ၀င်လာနိုင်တာ ၀မ်းသာစရာပါ”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် သင်တန်းတလျှောက်တွင် KNLA ဗဟိုစစ်ဖက်ဆေးဌာနအပြင် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်တော်ဆေးခန်း(MTC)၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)၊ ကရင် ကျန်းမာရေး နှင့်ကယ်ဆယ်ရေးဌာန(KDHW)တို့မှလည်း သင်တန်းတက်ရောက်သူ လူငယ်မောင်မယ်များအား ဆေးပညာနှင့်ပတ်သက်၍ လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု သိရသည်။

ယင်းအခြေခံဆေးသင်တန်းတက်ရောက်ခဲ့သူ နော်အေးသီတာက “ခုလိုသင်တန်းမှာ ဆေးပညာအကြောင်း၊ ရောဂါအကြောင်း ဗဟုသုတတွေ ပိုများလာတယ်။ ပြီးတော့ သင်ကြားခဲ့ရသမျှတွေကိုလည်း ကိုယ့်ရပ်ကိုယ် ရွာတွေမှာ တတ်စွမ်းသမျှပြန်လည်အသိပညာပေးဖို့ ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က ပြုလုပ်သော ၎င်းသင်တန်းဆင်းပွဲတွင် ဖားအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေး၊ ဗဟိုစစ်ဌာနချုပ် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်ရှာထုဝေါ်အပါအဝင် KNU ခရိုင်၊ တပ်မဟာ အသီးသီးမှ စစ်ဖက်အရပ်ဖက်ဆိုင် ရာ ခေါင်းဆောင်များ၊ သင်တန်းသားများနှင့် ဒေသခံများ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

KNLA ဗဟိုစစ်ဖက်ဆေးဌာနမှ ဦးစီးဖွင့်လှစ်သော အခြေခံဆေးသင်တန်းအပတ်စဉ် (၂၆)ကို ၂၀၁၂ခုနှစ်က KNU ဖာပွန်ခရိုင်၊ တပ်မဟာ (၅) ဟိုကေဒေသတွင် ပြုလုပ်ခဲ့ပြီး ရှေ့လာမည့်အပတ်စဉ်အတွက် ၂၀၁၄ ခုနှစ်၊ မတ်လတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week