ဆိုလာစနစ်ကို အဓိကထားအသုံးပြုနေသည့် ကျေးရွာပေါင်းနှစ်သောင်းကျော်မီးလင်း

ဆိုလာစနစ်ကို အဓိကထားအသုံးပြုနေသည့် ကျေးရွာပေါင်းနှစ်သောင်းကျော်မီးလင်း
by -
မဇ္ဈိမ

ပြည်တွင်းတွင် ကျေးလက်ဒေသ မီးလင်းရေး လုပ်ဆောင်ရာတွင် ဆိုလာစနစ်ကို အဓိကထားသုံးစွဲနေရ ပြီး လက်ရှိတွင် ကျေးရွာပေါင်း ၂၁,၅၇၅ ရွာ မီးလင်းနိုင်ပြီဖြစ်သည်ဟု ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြူကြူခင်က အောက်တိုဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဒေါ်ကြူကြူခင်က “ကျေးလက်ဒေသမီးလင်းရေးအတွက် အသေးစားရေအားလျှပ်စစ်၊ ဆိုလာနဲ့ ဘိုင်အို တက်ခ် နည်းပညာရှိတဲ့အထဲမှာ အများစုအားဖြင့် ဆိုလာစနစ်ကိုပဲ အဓိကထားသုံးစွဲနေရပြီး ကျေးလက် တချို့သာ အသေးစားရေအားလျှပ်စစ်စီမံကိန်းတွေလုပ်ပြီး အသုံးပြုတယ်။ ဘိုင်အိုဓာတ်ငွေ့နည်းပညာ အသုံးပြုတဲ့ကျေးရွာကတော့ တော်တော်ကိုနည်းပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄,၉၁၇ ရွာရှိသည့်အနက် ၂၀၁၂-၂၀၁၃ အတွင်း ကျေးရွာပေါင်း ၂၁,၆၇၅ ရွာ မီးလင်းနိုင်ရေး ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ထို့ပြင် ကျေးလက်မီးလင်းရေးအထောက်အကူ ပစ္စည်းနှင့် စက်မှုထုတ်ကုန်ပြပွဲကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ပြသသွားမည်ဟု လည်း သိရသည်။

၎င်းက “ကျေးလက်ဒေသ မီးလင်းရေးအတွက် အသုံးပြုနည်းပညာပစ္စည်းပြပွဲကိုလည်း ပြသွားဖို့ရှိတယ်။ အဓိကတော့ မီးလင်းရေးအတွက် အသုံးပြုမယ့်ဆိုလာစနစ်၊ အင်ဗာတာ စတဲ့ပစ္စည်းတော်တော်များများ ကို ပြသသွားမယ်။ နောက်ကျေးလက်ဒေသဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ သူတို့ကျေးလက်ဒေသ လို အပ်ချက်အပေါ်မူတည်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို အရစ်ကျဝယ်ယူနိုင်တယ်၊ နည်းပညာပိုင်းကို လာ ရောက်ဆွေးနွေးနိုင်တယ်”ဟု ပြောသည်။

နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသ မီးလင်းရေးအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၉၉၅ သန်းကျော် သုံးစွဲထားပြီး ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းပေါင်း ၃၂၀၆ ဒသမ ၂၄ သန်းကျော် အသုံးပြုသွားမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပေါင်း ၉၉ မြို့နယ်မှ ကျေးရွာပေါင်း ၂၃၅ ရွာ မီးလင်းနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Most read this week