မောင်တောကြိမ်ချောင်းစျေးမီးလောင်၊ ဆိုင်ပေါင်း ၁၀၀ နီးပါး မီးထဲပါ

မောင်တောကြိမ်ချောင်းစျေးမီးလောင်၊ ဆိုင်ပေါင်း ၁၀၀ နီးပါး မီးထဲပါ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းစျေး မီးလောင်သဖြင့် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးခန့် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၂၉ ရက် ညဉ့် ၁၂ နာရီမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး နံနက် ၄ နာရီတွင် မီးငြိမ်းသွား သည်ဟု အမည်မဖေါ်လိုသူ စရဖ အရာရှိ တစ်ဦးက ပြောသည်။

“ ပေါ့ဆမီးပါ။ စျေးဆိုင်တွေထဲမှာ မီးကြွင်းမီးကျန်တွေ ရှိရာကနေ စလောင်ကျွမ်းတာပါ။ ဆိုင်ခန်း ၈၀ ကျော် မီးထဲပါသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ညဉ့်အချိန် လူများ အိပ်ပျော်နေချိန်တွင် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် မီးလောင်ကျွမ်းမူ ပမာဏများပြား ကြောင်း၊ ယင်းပြင် ကြိမ်ချောင်းတွင် မီးသတ်ကားလည်း မရှိသဖြင့် မီးကို အချိန်တိုကာလ အတွင်းမငြိမ်း သတ်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

မောင်တော မီးသတ်ဌာနမှ လိုက်ပါသွားသော်လည်း မီးငြိမ်းပြီးမှ ရောက်ရှိသွားသည်ဟု မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“ မောင်တောက မီးသတ်ကား လိုက်သွားပါတယ်။ ခရီးက ၂၇ မိုင်ဝေးပြီး လမ်းကြမ်းတဲ့ အတွက် ၄ နာရီ အချိန်လိုပါတယ်။ ကားရောက်တော့ မီးက ငြိမ်းသွားပါပြီ” ဟု ၎င်းက ဆိုသည်။

ကြိမ်ချောင်းစျေးတွင် ၉၀ ရာခိုင်နုန်း စျေးဆိုင်များကို  မွတ်ဆလင်များက ပိုင်ဆိုင်ပြီး ရခိုင်ဆိုင် အနည်းငယ် သာ ရှိကြောင်း သိရသည်။

Most read this week