မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်

မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီးလမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက်ဆက် တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ  တောင်ကြီး - မိုင်းရှူး လမ်းမပေါ် ဟဲဆိုင်ရွာနှင့် ဟန်နားကျေး ရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံးယောက်က တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေ ကြောင်း၊ ဗင်ကားများ၊ ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍ ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊ လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။

အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ ခွဲခန့် ဓါးပြတိုက်ခံရသည့် မိုင်းရှူးဒေသခံ တဦးကလည်း ဓါးပြများသည် ကားပေါ်ရှိစား သောက်ဖွယ်ရာများပင်ယူဆောင်သွား ကြောင်း၊  ၎င်းတို့ဖိုးဝှီးကားပေါ်ပါရှိသူများ ကျပ်ငွေ ရှစ်သိန်းကျော်နှင့်အတူ (ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား ဆွဲတီးတလုံး၊ ဆွဲပြားတခု၊ လက်စွပ် တကွင်း) ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသည့် လက်ဝတ် ရတနာများလည်းပါသွား ကြောင်းပြောသည်။

“ကျနော်ကလေးကို ကျောင်းသွားပို့ပြီး ပြန်လာတာ။ ပိုက်ဆံမကျန်တော့လို့ သောင်းဂဏန်းလောက်ပဲပါ သွားတာ။အဲဒီဓါးပြကခြုံထဲမှာတော့ ရှိသေးလားမသိဘူး၊ လမ်းပေါ်မှာတော့ သုံးယောက်ဘဲတွေ့တယ်။ တူမီးသေနတ်တွေနဲ့ဘဲ။ နှစ်လုံးပြူး တူမီးသေနတ်အမျိုးအစားလဲပါတယ်။” - မိုင်းရှူးမြို့ခံစိုင်းအေးက ပြောသည်။

ထို့အတူ ကျေးသီးခရီးသည် လဲချားဒေသခံ နန်းမြဆိုသူကလည်း - ဓါးပြတိုက်ခံရပြီးနောက် လမ်းပြင်သည့်ကားအပြာ စီးနင်းလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၈-၉ ဦးခန့်တွေ့ဆုံကြောင်း၊ အက်စ်ကွေ့တွင် ဓါးပြတိုက် မှုဖြစ်နေ သည့်အကြောင်း ပြောပြရာတွင် ရဲများကခရီးမဆက်တော့ဘဲ နောက်ကြောင်းပြန်လှည့် သွားကြောင်း - ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ ရှိ နာမည်ကြီး အက်စ် (S) ကွေ့တွင် ဓါးပြတိုက် မှု မကြာခဏ ဖြစ်ပွါးခဲ့ရာတွင် ယမန်နှစ်က မြန်မာစစ်တပ်နှင့် ဓါးပြအဖွဲ့တိုးမိသောကြောင့် ရင်ဆိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမြန်မာစစ်အရာရှိ တစ်ဦးသေဆုံးပြီး ရဲဘော်တဦးဒဏ်ရာ ရရှိသည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

ဓါးပြတိုက်မှု မကြာခဏ ဖြစ်ပွားတတ်သည့် အက်စ်ကွေ့သည် ကျေးသီးအခြေစိုက် ခလရ ၉ နှင့် နီးသကဲ့သို့ မိုင်းနောင်မြို့နယ်ခွဲ အခြေစိုက် အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှင့် ၁၀ မိုင်ခန့်သာဝေးကွာကြောင်း ဒေသခံများက ပြောသည်။

Most read this week