တရုတ် ခရီးစဉ်အတွင်း စီမံကိန်းများကြောင့် နစ်နာချက် ရခိုင်အမတ် တင်ပြမည်

တရုတ် ခရီးစဉ်အတွင်း စီမံကိန်းများကြောင့် နစ်နာချက် ရခိုင်အမတ် တင်ပြမည်
by -
နိရဥ္စရာ

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ (၇) ရက်ကြာ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်နေသော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ထဲမှ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းသည် သူ၏ ခရီးစဉ်အတွင်း တရုတ်စီမံကိန်းကြောင့် ရခိုင်လူထု၏ နစ်နာချက်များကို တင်ပြသွားမည်ဟု ဆိုသည်။

“ ရခိုင်မှာ အကောင်အထည်ဖေါ် ဆောင်ရွက်နေတဲ့ ရွှေသဘာဝ စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အစိုးရ အကြားမှာ  အဆင်ပြေသည့်တိုင်အောင် ကျနော်တို့ ဒေသခံတွေနဲ့ မပြေလည်မူတွေ ရှိနေတယ်။ ဥပမာဆိုရင် မကျေနပ်လို့ ဆန္ဒပြတဲ့ ဒေသခံတွေကို တရားစွဲ ထောင်ချပစ်တာတွေရှိနေတယ်။ အဲဒီအပေါ်မှာ ဆိုးကျိုးကောင်းကျိုးတွေကို ကျနော်အနေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

U-pe-than

၎င်းအပြင် တရုတ်နှင့် ရခိုင်ဒေသ အကြားဆက်ဆံရေး ပို ကောင်းမွန်လာရန်နှင့် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်က ကူညီ ပံ့ပိုးမူတွေ ရလာအောင် တင်ပြ ပြောဆိုသွားမည်ဟု ၎င်းက ဆိုသည်။

ယခု ခရီးစဉ်သည် လွှတ်တော်ကိုယ်စားလှယ်များကို တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြား ဆက်ဆံရေး ကော်မီတီမှ ဖိတ်ကြားသဖြင့် လွှတ်တော်မှ စီစဉ်ပေးသော ခရီးစဉ် ဖြစ်ကြောင်း၊ ပါ၀င်သူများမှာ NLD မှ ဒေါ်ခင်စန်းလိူင်၊ ရှမ်းက ဦးရဲထွန်း၊ မွန်မှ ဦးနိုင်လှမောင်၊ ရခိုင်မှ ဦးဖေသန်း၊ ကချင်မှ တစ်ဦးနှင့် အန်ဂျီအို ကိုယ်စားလှယ် (၂) ဦးတို့  ဖြစ်ကြကြောင်း သူက ပြောသည်။

“  ကျနော်တို့ တရုတ်ပြည် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီက ကိုယ့်ဒေသ အတွက် တင်ပြစရာတွေကို တင်ပြနိုင်အောင် ဖိတ်ကြားတဲ့ အတွက် သွားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ အထူးသဖြင့်  မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ရဲ့ ဆက်ဆံရေးမှာ အခက်အခဲနဲ့ အခြေအနေတွေကို သူတို့ဘက်က တင်ပြမူတွေ ရှိလာမယ်လို့ ယူဆပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဘက်ကလည်း တင်ပြဆွေးနွေးစရာတွေ ရှိပါတယ်။ အဓိကတော့  မြစ်ဆုံ ကိစ္စနဲ့ ရွှေသဘာဝ စီမံကိန်းလို ကိစ္စမျိုးတွေ အပေါ်မှာပါ” ဟု ၎င်းက ရန်ကုန် လေဆိပ်မှ မထွက်ခွာမီ နိရဥ္စရာသို့ ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် တရုတ်မှ အကောင်အထည်ဖေါ်နေသော ရွှေသဘာဝ စီမံကိန်းကြောင့် ဒေသခံများ အနေဖြင့် လယ်ယာမြေများ ဆုံးရှံုးရခြင်း၊ အလုပ်အကိုင် အခွင့်အလန်းများ ဆုံးရှုံးရခြင်းများနှင့် ရင်ဆိုင် နေရကြောင်း၊ တံငါ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ဒေသခံများမှာ ငါးဖမ်း လုပ်ကွက်များ ဆုံးရှံုးသွားသဖြင့် အထူး ထိခိုက် နစ်နာခဲ့ရကြောင်း၊ နောင်တွင် ရေနက်ဆိပ်ကမ်းများတည်ဆောက်ပြီး နိုင်ငံခြား သင်္ဘောကြီးများ ၀င်ထွက်သွားလာပါက အသက်မွေးဝမ်းကျောင်းမူ အလုပ်များ အကြီးအကျယ် ထိခိုက်လာနိုင်ကြောင်း၊ ရခိုင်ပြည်သူလူထုမှာ ယခုအချိန်ထိ အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရသဖြင့် အလွန်ဆင်းရဲနေကြရကြောင်း၊ ရခိုင်တွင် ပြုလုပ်မည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများ အကျိုးကို ထည့်မတွက်ဘဲ ပြုလုပ်ပါက ရခိုင်ပြည်သူများမှာ ဆက်လက်၍လည်း ဆင်းရဲလာကြမည် ဖြစ်ကြောင်း၊ သို့အတွက် ဤအချက်များကို တရုတ် အစိုးရ သိရှိအောင် တင်ပြရန်လိုကြောင်း သူက ပြောဆိုသည်။

၎င်းကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်ပီကင်းမြို့သို့ ထွက်ခွာသွားကြပြီး ခရီးစဉ်မှာ တပတ် ကြာမြှင့်မည်ဟု သိရသည်။ ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းနှင့် ကူမင်းမြို့တို့ကို အဓိက သွားရောက် လည်ပတ်မည်ဟု ဆိုသည်။

Most read this week