ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်စီးမှု စီမံချက်ကာလ စတင်နေပြီဖြစ်ရာ မြို့နယ် လေးခုတွင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလအတွင်း ဘိန်းစိုက်ခင်း ၃၀၀၀၀ ကျော်ဖျက်ရန် လျာထား ဆောင်ရွက်နေကြောင်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ၂၅ မှ ဒု-ရဲမှူး အောင်စိုးကြိုင်က အောက်တိုဘာ ၂၃ တွင် မဇိ်္စျမကို ပြောသည်။
ယင်းသို့ ဘိန်းစိုက်ခင်းများဖျက်ဆီးခြင်းကို ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင် မြို့နယ် များတွင် အောက်တိုဘာ ၂၀ မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာအထိ ဖျက်ဆီးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။
ဒုရဲမှူးအောင်စိုးကြိုင်က “ဘိန်းစိုက်ခင်းတွေ ပြန်စိုက်လို့မရအောင် ဘိန်းဖူးတွေ ဖြစ်လာတဲ့ အရွယ်ရောက် ချိ်န်ကို စောင့်ပြီး ဖျက်ဆီးရပါတယ်၊ စိုက်ခင်းအဟောင်းတွေမှာ ထပ်ပြီး ဘိန်းစိုက်ခင်း ပျိုးလို့မရအောင် အစားထိုးသီးနှံတွေ ဒေသခံတွေ စိုက်ပျိုးနိုင်အောင် အသိပညာပေးခြင်းတွေ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်အတွင်း၊ ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်းကို နယ်မြေခံ ရဲတပ်ဖွဲ့များ၊ မူးယစ်ဆေး ၀ါး တားဆီးနှိမ်နင်းရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ ကျေးရွာ ၅၀၊ လွိုင်လင်နှင့် ပင်လုံရှိကျေးရွာ ၃၀ တွင်သာ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့နှင့် UNODC တို့က ပံ့ပိုးပေးနိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် ဒေသခံများအတွက် စီးပွားရေး အထောက်အကူပြု ပံ့ပိုးမှုများကို လုံလောက်စွာ ပံ့ပိုးပေးနိုင်မှ ဘိန်းစိုုက်ပျိုးမှုများ ပပျောက်နိုင်မည်ဖြစ်သည်ဟုလည်း ဒုရဲမှူးအောင်စိုးကြိုင်က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဟိုပုန်း၊ ဆီဆိုင်နှင့် ဖယ်ခုံမြို့နယ်များမှ ဘိန်းခင်းများကို စက်တင်ဘာ ၄ ရက်မှစတင်၍ အစိုးရ၏စီမံချက်ဖြင့် ဖျက်ဆီးခဲ့သည်ဟုလည်း တောင်ကြီးမြို့နယ်မှ ရဲမှူးခင်မောင်လတ်က စက်တင်ဘာလအတွင်းက မဇ္ဈိမကို ပြောဆိုထားသေးသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် တစ်ကမ္ဘာလုံး ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ်သလို တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ရှိသည်ဟု UNODC ၏ စစ်တမ်းများ တွင် ဖော်ပြထားသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဟိုပုံး၊ ဖယ်ခုံ၊ ကလော၊ ညောင်ရွှေ၊ ကျောက်တလုံးနှင့် ဆီဆိုင်မြို့နယ် များရှိ ဘိန်းစိုက်ခင်း ၂၄၂၁၈ ဧက အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်းဧက၂၉၄၁၈ ကိုဖျက် ဆီးနိုင်ခဲ့သည် ဟုလည်း ရှမ်း(တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဘိန်းစိုုက်ရာသီကာလအတွင်း ဘိန်းစိုက်ခင်း ၅၀၁,၀၀၀ ဟက်တာရှိပြီး ဘိန်းစိုက်ခင်း ၂၀၃,၀၀၀ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ရှမ်း (တောင်) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သိရသည်။