မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား၏ မြန်မာ့ လူ့အခွင့်အရေး ကိစ္စရပ် များ အပေါ် ရှာဖွေတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတစ်စောင်ကို စက်တင်ဘာ(၂၃) ရက်စွဲဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြထားရာ စက်တင်ဘာလ ၂၄ ရက်၌ ဆွေးနွေးကြားနာရန် ရှိသည်။
ထိုဆွေးနွေးကြားနာမှုသည် လာမည့် နိုဝင်ဘာလအတွင်း ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် ချမှတ်ရန်ရှိသည့် ဆုံးဖြတ် ချက်များအတွက် အထောက်အကူပြုမည့် ဆွေးနွေးမှုများဖြစ်မည်ဟု လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ (HRW) မှ အာရှဒေသ လက်ထောက်ဒါရိုက်တာ ဖီးလ်ရောဘင်ဆန်မှ ပြောသည်။
၎င်းက “မစ္စတာကင်တားနားရဲ့ ကုလသမဂ္ဂကို တင်သွင်းထားတဲ့ အစီရင်ခံစာက အလွန်ကောင်းမွန်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်တဲ့ စိန်ခေါ်ချက်တွေကို အားကောင်းစွာ ထောက်ပြထားတဲ့ အစီရင်ခံစာ တစ်စောင်ပါ၊ ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အသေးစိတ်ကျကျ လေ့လာ ဖတ်ရှု သုံးသပ်ပြီးတော့ ဒီအပေါ်မှာ မြန်မာနိုင်ငံအပေါ်ကို ကုလသမဂ္ဂရဲ့သဘောထား ဘယ်လိုထားရှိသင့်သလဲ ဆိုတာ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူဖြစ်စေမှာပါ”ဟု မဇ္ဈိမကို ပြောသည်။
မစ္စတာကင်တားနား တင်သွင်းထားသည့် အစီရင်ခံစာသည် စာမျက်နှာ (၂၃) မျက်နှာ ပါ၀င်ကာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများအား အဓိကရေးသား ထောက်ပြထားသည့်အပြင် အခြားလူ့အခွင့် အရေးနှင့် ဆက်စပ်သည့် အခြေအနေများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းနှင့် ခံဝန်ချက် ထိုးရသည့် ပုဒ်မ (၄၀၁) (က) (ဂ) (ဃ) တို့အား ကျန်ရှိပြစ်ဒဏ်များ ပြန်လည်ကျခံ ရန်ရှိသည့် အပေါ် ဝေဖန်ထောက်ပြထားသည်။
သို့သော်လည်း သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း ၂၀၁၁ မေလမှစ၍ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၁၁ ကြိမ်ဖြင့် အကျဉ်းသား ၉၅၁ တို့အား လွှတ်ပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်းလည်း ယင်းအစီ ရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
ထို့အပြင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စုဝေးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့် စသည့် ကဏ္ဍတို့တွင် မြန်မာအစိုးရ ကိုင်တွယ်မှုများကိုလည်း ထောက်ပြဝေဖန်ထားသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်သို့ သွားရောက်လေ့လာခဲ့ သည့် ခရီးမှ ရရှိထားသည့် တွေ့ရှိချက်များဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရ တို့အကြား မညီမျှသည့် သယံဇာတ ခွဲဝေသုံးစွဲမှုအကြောင်းကိုလည်း ထည့်သွင်း ဖော်ပြ ထားသည်။
တိုင်းရင်းသားအရေးကိစ္စ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ခဲ့သော်လည်း ပလောင်၊ ကချင်နှင့် ရှမ်းမြောက်ဒေသတို့၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိနေကြောင်း ရေးသားထားသည်။
ထိုပစ်ခတ်မှုကိုလည်း ဖီးလ်ရောဘတ်ဆန်က ဝေဖန်ကာ စစ်ကြောင့် ဒုက္ခရောက်ရသည့် စစ်ပြေးဒုက္ခသည် များ အား နိုင်ငံတကာ အဖွဲ့အစည်းများမှ အလွယ်တကူ လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးအပ်နိုင်ရန် အစိုးရမှ ခွင့်ပြုသင့်ကြောင်းလည်း ၎င်းက ထောက်ပြ ပြောဆိုပါသည်။
ထိုသို့ ပြောဆိုထားသော်လည်း လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ တိုးတက်ဖြစ်ထွန်းမှု များရှိလာပြီး ၎င်းအားကြိုဆိုထောက်ခံကာ မြန်မာအစိုးရမှ ပြီးခဲ့သည့်ကာလနှင့် ယခုလက်ရှိကာလ၌ ဖြစ်ပေါ်နေသည့် လူ့ အခွင့်အရေးချိုးဖောက်မှုများအား တာဝန်ခံပေးသင့်ကြောင်း ဖီးလ်ရောဘင်ဆင်မှ ပြောဆိုကာ မစ္စတာကင်တားနား ၏ ကုလသမဂ္ဂသို့ တင်သွင်းသည့် အစီရင်ခံစာ၌လည်း အထက်ပါအတိုင်း ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှစ၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားမှ(၇)ကြိမ် လာရောက်ခဲ့ပြီးဖြစ်ကာ ၄င်း၏ နောက်ဆုံး ခရီးစဉ်မှာ ပြီးခဲ့ သည့် သြဂုတ်လ (၁၀) ရက်တွင် လာရောက်ခဲ့ပြီးနောက် လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များအား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းထားခြင်းဖြစ်သည်။