ကချင်ပြည်နယ် ဗန်းမော်မြို့၌ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက တပ်ဆင်သုံးစွဲခဲ့သည့် အိမ်နံပါတ်ပြားများကို နံပါတ်ပြားအသစ်များဖြင့် ပြောင်းလဲ တပ်ဆင်လျက်ရှိကြောင်း သိရသည်။
မြို့ပေါ်ရှိ ရပ်ကွက်များအတွငး် ကဒ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ရာတွင် အချို့ရပ်ကွက်များ၌ လွန်ခဲ့သည့်(၂) ရက်ခန့်ကမှစတင်ပြုလုပ်လျှက်ရှိပြီး အချို့ရပ်ကွက်များတွင် တစ်လကျော်ခန့်ကြာမြင့်ပြီ ဖြစ်ကြောင်း ဗန်းမော်မြို့ခံ များက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ရပ်ကွက်အာဏာပိုင်များဖြစ်သည့် ရယက အဖွဲ့ဝင်များကိုယ်တိုင် လာရောက်တပ်ဆင်ပေးခြင်းဖြစ်ပြီး ကဒ်ပြား အသစ် ပြောင်းလဲတပ်ဆင်ခအဖြစ် ကျပ်ငွေ(၂၀၀၀)ပေးရကြောင်း မင်းကုန်းရပ်ကွက်သားတစ်ဦးကပြောသည်။
“လဲတဲ့အချိန် ရယကကို ကဒ်ပြားခ (၂၀၀၀)ပေးရတယ် ဒီရက်ပိုင်းအတွင်း ခွန်သာရပ်သာစည်ရပ် မင်းကုန်းရပ်တွေ တော့လဲပေးနေတယ်” လို့ သူကပြောသည်။
ယခုလို နံပါတ်ပြားအသစ်များ တပ်ဆင်ရခြင်းမှာ ရပ်ကွက်များအတွင်း အိမ်ခြေများတိုးများလာ၍ဖြစ်ကြောင်း ရယက အာဏာပိုင်များ အကြောင်းပြသည်ဟု သိရသည်။
နံပါတ်ပြားပုံစံနှင့်အရောင်မှာ ယခင်အတိုင်းပြောင်းလဲခြင်းမရှိပဲ အစိမ်းပေါ်အဖြူရောင်စာလုံးရေးခြင်းဖြစ်ပြီး နံပါတ် ပြောင်းလဲသွားကြောင်း နောက်ထပ်မြို့ခံတစ်ဦးက ပြောပြသည်။
“အရင်တစ်လကျော်လောက်တောင်ရှိပြီထင်တယ်၊ နံပတ်တွေအသစ်ပြောင်းသွားတာဆောင်ရတယ်၊ အိမ်မှာဆောင် လိုက်တာ ဘယ်လောက်လဲမသိဘူး၊ ကဒ်ပြား ဖိုး ၃၀၀ ဖြတ်လား ၅၀၀ ဖြတ်လား အဲလောက်တော့ရှိတယ်၊အောက် ကနေရည်တွက်တာနဲ့အထက်ကနေရည်တွက်တာ။ ဒါကြောင့်မို့နံပတ်တွေလွဲသွားတာ နဂိုကအောက်က နေရည်တာ အခုအထက်အိမ်ဘက်က ရည်လိုက်တော့ ကွာသွားတာမျိုးပေါ့ ” လို့အလယ်ရပ်ကွက်သား တစ်ဦးက ပြောသည်။
အာဏာပိုင်များ ယခုလိုနံပါတ်ပြားအသစ်လဲလှယ်တပ်ဆင်ပေးပြီး ကျပ်(၂၀၀၀) အထိ ငွေကောက်ခြင်းအပေါ်ဒေသ ခံများက အခွန်ငွေလို၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်မြင်လျှက်ရှိကာ အခြားအခွန်များဖြစ်သည့်မီးလင်းရေး ကော်မတီ အတွက် တစ်လ(၅၀၀)ကျပ် မီတာပုံးခများကို ပါပေးဆောင်နေရကြောင်းသိရသည်။