နမ့်ခမ်းမြို့ ဗုံးကွဲမှုအစိုးရတပ် တာဝန်မကင်းဟု ဝေဖန်ရှိနေ

နမ့်ခမ်းမြို့ ဗုံးကွဲမှုအစိုးရတပ် တာဝန်မကင်းဟု ဝေဖန်ရှိနေ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ပေါ်တွင် အစိုးရတပ် အခြေချ တည်းခိုနေသည့် မြို့လယ်ကျောင်းတိုက်၌ စစ်ကြောင်းအတွက်လုံခြုံရေး ကင်းချထားပါလျက်နှင့် ဗုံးဖောက်ခွဲခံရသည့်အပေါ်  နားမလည်ဖြစ်ရကြောင်း ဒေသခံများက ဝေဖန်လျှက်ရှိသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ စည်ပင်ဝန်ထမ်း သေဆုံးခဲ့သည့် ဗုံးမပေါက်ကွဲမီ ညပိုင်းတွင် အစိုးရတပ်စစ်ကြောင်း အင်အား ၄၀ ခန့်က နမ့်ခမ်း မြို့လယ်ကျောင်း၌ အခြေချကာ လုံခြုံရေးကင်းများ ကျောင်းတော်ပရဝုဏ်ပတ်လည်၌ ချထားကြောင်း၊ ဗုံးပေါက်ကွဲချိန်တွင်လည်း သွားရောက်ကြည့်ရှု စစ်ဆေးခြင်းမရှိကြောင်း၊ ဗုံးပေါက် ကွဲရာနေရာအနီးမြို့လယ်ကျောင်းတိုက်၌ ရောက်ရှိအခြေချတည်းခိုသည့် စစ်ကြောင်းမှာ တာဝန်မကင်းကြောင်းအမည် မဖေါ်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

စည်ပင်ဝန်ထမ်း သေဆုံးခဲ့ပုံ

သူက “ပထမ အချက်က ဗုံးပထမ ကွဲတဲ့ညက ဗုံးထောင်ရင်းကွဲသွားလို့ အဲဒီဗုံးထောင်တဲ့သူ သေတယ်။ ဒါမှမဟုတ် ဒဏ်ရာရ သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီဗုံးကွဲတဲ့ နေရာကနေ သွေးတွေတွေ့တယ်။ ပြီးတော့ ပြည်သူ့စစ်တပ်စခန်းတခုဘက် ဦးတည်တဲ့သွားတယ်။ သွေးစက်ရာက။ နောက်ဦးထုပ်တစ်လုံး ကျ ကျန်ခဲ့တယ်။ အဲဒါလဲပြည်သူ့စစ်ဦးထုပ်ဘဲ။ ကျနော်တို့ အချက်အလက်တွေ ထပ်စုနေပါတယ်။ ရရင်ဘယ်သူဘယ်ဝါဆိုတာ အများသိအောင်ထုတ်ဖေါ်သွားမယ်” - ဟု  ပြောသည်။

ထို့အတူ ကျားဖြူပါတီအကြီးအကဲတဦးကလည်း အဆိုပါဗုံးပေါက်ကွဲသည့်နေရာအနီး ကျကျန်သည့် ဦးထုပ်တစ်လုံးသည် ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ တဖွဲ့၏ ဦးထုပ်ဖြစ်သည်ဟုသတင်းရထားကြောင်း နမ့်ခမ်းမြို့ မငြိမ်မသက်ဖြစ်အောင် ဖန်တီးမှု တရားခံအား ဆက်လက်စုံစမ်းဖေါ်ထုတ်သွားမည်ဟု ပြောသည်။

ထိုသို့ ဗုံးမကြာခဏ ပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့ သီတင်းကျွတ်ပွဲတော်လည်းကျင်းပနိုင်ခြင်းမရှိကြောင်း၊ နမ့်ခမ်းမြို့ ဂုဏ်ဆောင်သည့် ပွဲဆောဝ်းဆာမ်အမည်ရ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့ နှစ်စဉ် ကျင်းပမြဲ ပွဲတော်လည်း ယခုနှစ် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင် အကြီး အကဲ တစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မြို့မ ပြည်သူ့စစ်၊ ပန်းဆေးတိုက်နယ်ပြည်သူ့စစ်နှင့် မြန်မာစစ်တပ် အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့ အများအပြားရှိနေသည်။

အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီ ၅၀ တွင်တစ်ကြိမ်၊ ၁၇ ရက်နေ့ နံနက်ခင်းပိုင်းတွင် နှစ်ကြိမ် နမ့်ခမ်းမြို့၌ ဗုံးဆက် တိုက်ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ ၆ ဦးရှိသည်ဟု မြန်မာ့အလင်းသတင်းစာက ဖေါ်ပြသည်။

ယင်းကဲ့သို့ ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့မှုကြောင့် သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင်လည်း  သတိဝိရိယ ဖြင့်နေထိုင်ကြရန်၊ မိမိလုံခြုံရေးအတွက် အာဏာပိုင်များနှင့်အတူ လူထုလက်တွဲတာဝန်ယူရန် လှုံ့ဆော် သတိပေးမှုများလည်း ရှိသည်ဟု သျှမ်းပြည်တောင်ပိုင်း မိုင်းပန်သားများက ပြောသည်။

Most read this week