၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ခွင့်ပြုမိန့် မရသေး

၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ခွင့်ပြုမိန့် မရသေး
by -
မဇ္ဈိမ

ချောက်မြို့တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် ၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယခုအချိန်အထိ တရားဝင်ခွင့်ပြုမိန့် မရရှိသေးဟု ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးဦးသိန်းမြင့်ညိုက မဇ္စျိမကို ပြောသည်။

အဆိုပါပွဲကို လာမည့်ဒီဇင်ဘာ ၁၁ရက်တွင် ချောက်မြို့ မြို့မိမြို့ဖများမှ စုစည်းကျင်းပမည်ဖြစ်ကာ တရားဝင်စာဖြင့် သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်သို ့သြဂုတ်လကပင် စာတင်ခဲ့သော်ပြီး စာဖြင့်တရားဝင် ခွင့်ပြုမိန့် မရသေးခြင်းဖြစ် သည်။

သို့သော် ယင်းသို့ စာဖြင့် တရားဝင်ခွင့်ပြုမိန့် မရသေးသော်လည်း မကွေးတိုင်းဒေသကြီး အစိုးရအတွင်း ရေးမှူး ဦးနေဝင်း၏ နှုတ်မိန့်ဖြင့် ခွင့်ပြုထားသည်ဟုလည်း ဦးသိန်းမြင့်ညိုက ပြောသည်။

ဦးသိန်းမြင့်ညိုက “ဒီသပိတ်ဖြစ်ခဲ့တာ ကြာခဲ့ပြီဆိုတော့ လူစိတ်ဝင်စားမှုကလည်း နည်းရင်နည်းနိုင်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေကတော့ လာကြမှာပါ”ဟုု ပြောသည်။

၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲကို လာမည့်ဒီဇင်ဘာ ၁၁ ရက်တွင် အလုပ်သမား မေဒေး ကျောက်တိုင် ပန်းခြံတွင် ကျင်းပမည်ဖြစ်ကာ လူဦးရေ ၃၀၀ မှ ၄၀၀ ခန့်အထိ ပါ၀င်တက်ရောက် ကြမည်ဟုမျှော်မှန်းထားသည်ဟုလည်း ဦးသိန်းမြင့်ညိုက ပြောသည်။

ပထမဆုံးအကြိမ်ကျင်းပမည့် အဆိုပါအခမ်းအနားတွင် ၁၃၀၀ ပြည့် ရေနံမြေသပိတ်၌ ဦးဆောင်ခဲ့သည့် သခင်ဖိုးလှကြီး ပုံတူ ကြေးရုပ်တုကို ချောက်မြို့ရှိ အလုပ်သမား မေဒေးကျောက်တိုင် ပန်းခြံတွင် ထားရှိမည်ဖြစ်ရာ ယင်းကြေးရုပ်တု ဖွင့်လှစ်ပွဲအခမ်းအနားကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

အဆိုပါ ကြေးရုပ်မှာ လေးပေအရွယ်အစားရှိကာ ကိုယ်တစ်ပိုင်းပုံစံဖြစ်၍ ယင်းရုပ်တုအတွက် ကုန်ကျငွေမှာ ၄၅ သိန်းနီးပါး ဖြစ်သည်။

ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီကို မြို့မိမြို့ဖ အင်အား ၄၀ ခန့်ဖြင့် ဇွန်လ ၂၃ ရက်က ဖွဲ့စည်းခဲ့ပြီး အခမ်းအနားကို ချောက်မြို့သူ မြို့သားများမှ ဦးစီး ပြုလုပ်မည်ဖြစ်ပြီး မည်သည့်ပါတီ၊ နိုင်ငံရေးမျှ ပါ၀င်ရောယှက်မည်မဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် ရေနံမြေသပိတ်မှ ပေါ်ထွက် လာခဲ့သည့် သခင်ဖိုးလှကြီးကဲ့သို့ သခင်မျိုး၊ သခင်စိတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက အတွင်းရေးမှူးက ပြောသည်။

၁၃၀၀ ပြည့် အရေးတော်ပုံသည် ရေနံမြေ အလုပ်သမားလူတန်းစား၏ အရေးတော်ပုံဖြစ်ကာ ယင်းသပိတ်ကို ဦးဆောင်သူတစ်ဦးမှာ အာဠာဝက သခင်ဘိုးလှကြီးဖြစ်သည်။ ယင်းအရေးတော်ပုံသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်သည်။

၁၃၀၀ ပြည့် ရေနံမြေသပိတ်တွင် ရေနံမြေမှ အလုပ်သမားတို့သည် ရေနံချောင်းနှင့် ချောက်မြို့တို့မှ မိုင်ပေါင်း ၄၀၀ ကျော်ဝေးကွာသော ရန်ကုန်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် ချီတက်ခဲ့ကြပြီး ၁၉၃၉ ခု၊ ဇန်နဝါ ရီ ၈ ရက်တွင် ရန်ကုန်သို့ ရောက်ရှိကာ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်၌ သပိတ်စခန်း ဖွင့် ခဲ့သည်။

၁၃၀၀ ပြည့် ရေနံမြေသပိတ်သည် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူ၊ လယ်သမား၊ အလုပ်သမားများ စုရုံး ပါ၀င် ကြသော ကြီးမားသည့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ဖြစ်သည်။