ဇိုယာဖန်း-နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလများက လက်ရှိကရင်ပြည်သူများကို ကျဉ်းမြောင်းသည့်၊ ရိုးရှင်းစွာ ပုံဖွင့်ထားသည်။ အကန့်အသတ်ဖြင့်သာ ဖော်ပြသည့် အခြေအနေအတွင်းသို့ အတင်းတွန်းပို့နေကြသည်။ ဤသို့ပင် အမြဲတမ်းပုံသွင်းခံနေကြရသည်။
“ပဋိပက္ခဖြစ်လို့ နှစ် ၆၀ ကျော်ကြာပြီးတဲ့ နောက်မှာနောက်ဆုံးမှာ ကရင်တွေကငြိမ်းချမ်းရေးကိုရပါပြီ။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရယူနိုင်ခဲ့တာ ၂ ,နှစ် ကျော်ရှိခဲ့ပါပြီ။ ကရင်အမျိုးသား အစည်းအရုံး (Karen National Union) နဲ့ မြန်မာအစိုးရတို့က ဆွေးနွေးပြောဆိုနေကြပါတယ်။ ကရင် ပြည်နယ် အတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ အထောက်အပံ့တွေလည်း ပြည်သူတွေကို ကူညီဖို့လာနေကြပါပြီ။ နောက်ဆုံးတော့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ကြပါပြီ”
ဤအချက်များအားလုံးသာ မှန်ကန်ပါက မည်သည့်အတွက်ကြောင့် ကရင်များအောင်ပွဲမကျင်းပ၊ မပျော် မရွှင် ဖြစ်နေကြပါသနည်း။ နိုင်ငံတစ်ခုအနေဖြင့် ကရင်ပြည်သူများအလွန်အကျူး ခံစားနစ်နာခဲ့ကြရပြီး ဖြစ်သည်။ မျိုးဆက် တစ်ခုပြီးနောက်တစ်ခု အကြောက်တရားကို ဖြတ်သန်းခဲ့ကြရသည်။ ပဋိပက္ခ စစ်ပွဲများ၊ အိုးအိမ် အခြေပျက်မှုများ၊ ဖိနှိပ်မှုများကို ရင်ဆိုင်ကြံုတွေ့ခဲ့ကြရသည်။ အရေအတွက်မသိနိုင်သည့် သန်း နှင့်ချီသော ပြည်သူများ သူတို့၏ အိမ်များမှ အဓမ္မစွန့်ခွာစေခဲ့ကြသည်။ မရေမတွက်နိုင်သည့် ထောင်နှင့်ချီ သောပြည်သူများ သတ်ဖြတ်ခံခဲ့ရသည်။ ဒုက္ခပေါင်းစုံ ကြံုတွေ့ခံစားခဲ့ကြရပြီးဖြစ်သည်။ အကယ်၍ စစ် မှန်သော ငြိမ်းချမ်းရေးသာဖြစ်ပါက ကျွန်မတို့မပျော်ရွှင် ဘဲ မည်သို့နေပါ့မည်နည်း။
ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ အချို့သောရပ်ရွာများအတွက် အပစ်အခတ်ရပ်စဲရေးမှာ ကြီးစွာသော အပြောင်း အလဲ ဖြစ်စေမည်မှာသေချာပါသည်။ ယခင်ကလို သူတို့ကိုပစ်မှတ်ထားတိုက်ခိုက်မှုများ ခံစားကြရတော့မည် မဟုတ်ပေ။ သူတို့၏ရွာများ ဖျက်ဆီးခံရမည့်အရေးလည်း ကင်းဝေးနေပြီ။ သူတို့၏ အသက်အန္တရာယ် ဘဝအတွက်လည်း သက်သာရာ ရတော့မည်။ အတင်းအကျပ် လုပ်အားခိုင်းစေမှုများ လည်း လျှော့ကျသွားမည်မှာ မလွဲပေ။ သို့တိုင်အောင် ဤရပ်ရွာနေပြည်သူများမှာ သတိကြီးစွာထား၍ နေ နေကြသေးသည်။ ဤသတိတရားမှာ မြန်မာနိုင်ငံရှိ ကရင်ပြည်သူ အများတွင် ရှိနေကြသည့် သတိတရား ပင်ဖြစ်သည်။ သူတို့သာမက အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြား ပြည်ပတွင်နေထိုင်သူ ကရင်များတွင်ပါ ဤသတိတရားရှိနေကြသည်။
ပဋိပက္ခစစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် ခံစားနစ်နာခဲ့ကြရသူများအပေါ် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက သေချာနားလည်ပေးသင့်သည်။ လက်ရှိ ငြိမ်းချမ်းရေးအပေါ် သူတို့က မည်သည့် အတွက်ကြောင့် အောင်ပွဲမခံနိုင်၊ မပျော်နိုင်ဖြစ်နေကြရပါသနည်း။ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် သူတို့ကမည်သည့်အတွက် ၀မ်းမသာနိုင် ဖြစ်နေရပါသနည်း။ ခံစားနားလည်သင့် ပါသည်။ အကယ်၍ ဤသို့ စာနာ နားလည်မှု မပေးနိုင်ပါက သူတို့ကမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်ကို ကောင်းစွာနားမလည်ရာကျပါသည်။ သို့ဆိုလျှင် သူတို့မြင်လိုသည့် မြန်မာနိုင်ငံတွင် ရေရှည်ငြိမ်းချမ်းရေး ကိုလည်း မည်သည့် အခါတွင်မျှ မြင်တွေ့ရဖွယ် မရှိပါ။
သမ္မတဦးသိန်းစိန်က စိတ်စေတနာကောင်းဖြင့် ပြုမူနေသည်ကို မိမိတို့မမြင်တွေ့ရသေးပါ။ သူ၏အစိုးရ အတိတ်ကာလ က လုပ်ဆောင်ခဲ့သည်များ မှားယွင်းနေသည်ဟု သူကထင်မြင်ယူဆခြင်း မရှိသေးပါ။ သူက တိုင်းရင်းသား အဖွဲ့အစည်းများကို တားမြစ်ထားသည်များဖယ်ရှားပေးခြင်း မရှိသေးပါ။ ကျွန်မတို့ အပေါ်ဖိနှိပ်ထားသည့် ဥပဒေများကို ဖျက်သိမ်းပေးခြင်း မရှိသေးပါ။ စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများ စတင်လာခြင်း မရှိသေးသလို၊ ကျွန်မတို့၏ရွာများမှ သူတို့၏စစ်သားများကိုလည်း ရုပ်သိမ်းပေးခြင်း မရှိ သေးပါ။ နောက်ဆုံးရိုးရှင်းစွာ တောင်းပန်ဝန်ချမှုပင် မပြုသေးပါ။
ပဋိပက္ခ စစ်ပွဲများကြောင့် ထိခိုက်နစ်နာခဲ့ကြရသူများ၏ သတိတရားကို ဖယ်ရှားပေးရန်မကြိုးပမ်းရုံမျှမက လူအများက ယခင်နည်းလမ်းဟောင်းများအတိုင်းသာ စဉ်းစားနေကြသည်။ အနာဂတ်ထက်စာလျှင် အတိတ်ကိုသာပြန်၍ ကြည့်နေ ကြသည်ဟု ပြောဆိုဝေဖန်နေကြပါသည်။ ထိုမျှမက အခြေအနေနှင့် ကင်း ကွာနေကြသည့် ပြည်ပရောက်နေသူများ၊ခေါင်းမာသူများ၏ အမြင်ဟုသာ သမုတ်နေကြပါသည်။ နိုင်ငံ တကာ မိသားစုအနေဖြင့် ပဋိပက္ခဖြစ်ပွားရသည့် အခြေခံရေသောက်မြစ်အကြောင်းတရားကို နားလည် ရန် ကြိုးစားသင့်ပါသည်။
ကျွန်မတို့ကရင်များက စစ်ရေးအရတိုက်ခိုက်လာမှုများမှ ကာကွယ်နိုင်ရန် လက်နက်စွဲကိုင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် လည်း ကရင်ပြည်သူများ၏ အခွင့်အရေးများကို နိုင်ငံရေးဖြေရှင်းမှုအရ သေချာ အသိ အမှတ်ပြု လက်ခံမှသာလျှင် စစ်ပွဲပဋိပက္ခများ ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပေါ်တွင်လည်း ခိုင်ခိုင်မြဲမြဲ ရပ်တည်နေကြပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မိမိတို့ ပြည်သူများအပေါ် ဖိနှိပ်ချုပ် ချယ်နေမှုများလည်း ရပ်ဆိုင်းရန်လိုအပ်ပါသည်။ ကရင်အမျိုးသား အစည်းအရုံးနှင့် မြန်မာအစိုးရတို့ အကြား အပစ်အခတ်ရပ်စဲရေး နှစ်,နှစ်ကာလ ရှိလာခဲ့သော်လည်း၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ငြင်းဆန်နေဆဲ ဖြစ်ပါသည်။ ပဋိပက္ခ၏ ရေသောက်မြစ် အရင်းခံ အကြောင်းတရားကို မဖြေရှင်း သေးဘဲရှိနေပါသည်။ မြန်မာအစိုးရက ဤဆွေးနွေးပွဲများကို အချိန်ဆွဲလေလေ၊ မယုံကြည်မှုများပို၍ တိုး ပွားလာလေလေ ဖြစ်ပါလိမ့်မည်။
ယခုလို အချိန်ဆွဲနေခြင်းအပေါ် နောက်ထပ်မယုံကြည်ဖြစ်ရသည့် အကြောင်းတစ်ခုမှာ၊ “ရင်းနှီးမြှုပ်နှံမှု များကို တိုးမြှင့်ဆောင်ရွက်ရန်” မြန်မာအစိုးရ၏ ဦးတည်ထားချက်ပင် ဖြစ်သည်။ သူတို့က အဓိကကျသည့် ကရင်ခေါင်းဆောင် များကို စီးပွားရေးအခွင့်အလမ်းဖြင့် သွေးဆောင်ရန်၊ အစိုးရ၏ လမ်းစဉ်ကို ထောက်ခံသူ များ ဖြစ်လာစေရန် မျှော်လင့် ထားကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်တာဝန်ရှိသူ အစိုးရဝန်ကြီးဦးအောင်မင်းက ကရင်များနှင့် ပတ်သက်၍ ပြောဆိုရာ ၌ “သူတို့ ချမ်းသာလာရင် ဘယ်သူကမှလက်နက်ကိုင်ချင်တော့မှာ မဟုတ်ဘူး။ သူတို့ဒေ သတွေ ဖွံ့ဖြိုးလာရင် ဘယ်သူကမှလက်နက်ကိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့က သူတို့တွေကို ဒါတွေအားလုံး လုပ်ပေးရင် သူတို့လည်းအလိုအလျောက် လက်နက်စွန့်ကြမှာပဲ” ဟု ပြောခဲ့ သည်။ ဤ မှတ်ချက်စကားသည် သူတို့၏ အမှန် တကယ်စိတ်ရင်း ရည်ရွယ်ချက်ကို ဖော်ပြနေသကဲ့သို့ အမှန်တကယ် တိုင်းရင်းသားအခွင့်အရေးနှင့် ကာကွယ်ပေးမှု အပေါ် လုံးဝနားမလည်ကြောင်း ဖော်ပြနေ ပါသည်။ သူ့အထင်တွင် ကရင်များကို “ဖွံ့ဖြိုးရေးစီမံကိန်းများ” နှင့် ၀ယ်ယူ၍ ရမည်ဟု ယူဆနေပါသည်။ ဤသို့ဖြင့် သူတို့ရေရှည်တိုက်ခိုက်လာခဲ့သည့် တော်လှန်ရေး၊ သူတို့၏ အခွင့် အရေးများနှင့် ကြန်အင် လက္ခဏာများကို စွန့်ပစ်မည်ဟု ထင်မြင်နေပါသည်။
ကရင်ပြည်သူများက မြန်မာအစိုးရအနေဖြင့် နောက်ဆုံးနိုင်ငံခြားသား အဲန်ဂျီအိုဝန်ထမ်းများအနေဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အတွင်းနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်နေကြသည်ကို မြင် ကြပါသည်။ သွေးခွဲ အုပ်ချုပ်ရေး ဗျူဟာကိုသုံး၍ အစိုးရနှင့်နီးစပ်သူကို ပို၍အသားပေးမြှင့် တင်ပေးနေကြ ကြောင်းသိပါသည်။ ပြည်သူများ အောက်ခြေ ထုများ လိုချင်သည့် အစစ်အမှန်ဆန္ဒကို လျစ်လျူရှုထားကြ ပါသည်။
အပစ်အခတ်ရပ်စဲရေး ပြီးချိန်မှစ၍ ကရင်နယ်မြေထဲသို့ မြန်မာစစ်သားများ လျှော့နည်းမသွားဘဲ တိုး၍ ရောက်လာနေ သည်ကို မြင်တွေ့နေရပါသည်။ သေချာသည်မှာ မြန်မာအစိုးရအနေဖြင့် ယခုအပစ်အခတ် ရပ်စဲရေးကို အခွင့်အလမ်း သဖွယ်အသုံးချ၍ ကရင်ပြည်နယ်အတွင်း သူတို့၏စစ်အင်အားကို ခိုင်မာအား ကောင်းအောင် ပြင်ဆင်နေကြပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟု ဆိုနေလင့်ကစား၊ ဤသို့ စစ်တပ်များ အင်အားတိုးချဲ့ချထားလာနေမှုမှာ အကြီးအကျယ် စိုးရိမ်ဖွယ်ပင်ဖြစ်ပါသည်။ အထူးသဖြင့် အိမ်သို့ပြန်ရန် ဖိအားပေးခံနေကြရသည့် ကရင် ဒုက္ခသည် ထောင်သောင်း အတွက် ပို၍စိုးရိမ်ဖွယ် ဖြစ်ပါသည်။ သူတို့၏ စိုးရိမ်ပူပန်မှုများကို နားမထောင် ကြပါ။ မကြားကြပါ။ သူတို့လာခဲ့သည့်နေရာသို့အိမ်ပြန်ရန်အတွက် သူတို့တွင်လုံခြံုသည်ဟု မခံစားကြ ရပါ။ မြန်မာစစ်သားများက အရပ်သားများနေရာတွင် ရှိနေကြပါသည်။ မလျှော့နည်းရုံမက တိုးပင်နေသေး သည်။ ၎င်းစစ်တပ်သည်ပင် သူတို့၏ မြေများကို ကျူးကျော်ခဲ့ ကြပြီး၊ ဆန္ဒရှိသလောက် ပစ်ခတ်မှုများပြု သည်၊ လူသတ်သည်၊ မုဒိမ်းကျင့်သည်၊ လုယက်မှုမျိုးစုံ ကျူးလွန်ခဲ့ကြပါသည်။ ဒုက္ခသည်အများစုမှာ မြေမြှုပ်မိုင်းများ ထူထဲစွာရှိနေသည့် နေရာများမှလာခဲ့ကြရပါသည်။ ၎င်းတို့ကိုလည်း မရှင်းလင်းကြရသေးပါ။ ထို့အပြင် ဒုက္ခသည်များအတွက် သူတို့အိမ်ပြန်မည်ဆိုပါက လိုအပ်နေသည့် ပစ္စည်းကိရိယာများ၊ မျိုးစေ့များ၊ အိမ်မွေးတိရိစ္ဆာန်များ၊ သို့မဟုတ် သူတို့အိမ်ကို ပြန်ပြင်ဆောက်ရန်၊ သူတို့လယ်ကို ပြန်တီထွင်ရန် ကျွမ်းကျင် မှု အတတ်ပညာများဖြင့် ပံ့ပိုးကူညီပေးခြင်းလည်း မရှိပါ။ ဒုက္ခသည်များအနေဖြင့် မြန်မာအစိုးရ အဆိုပြုထားသကဲ့သို့၊ စက်မှုဇုန် အသစ်တစ်ခုအတွင်းသို့ စျေးချိုချို လုပ်သားများအဖြစ် အတင်းအကျပ် သွတ်သွင်းခြင်းလည်း မခံလိုကြပါ။
လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တွဲဆက်နေသည့် အကြီးအကျယ်ပြဿနာတစ်ခုမှာ မြေယာအကြီး အကျယ် သိမ်းဆည်းထားသည့်ပြဿနာပင် ဖြစ်ပါသည်။ ကရင်နှင့် အခြားတိုင်းရင်းသားလူမျိုးများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင် လာကြသည့် မြေများကိုလျော်ကြေးမပေးဘဲ သို့မဟုတ် လျော်ကြေးဟူ၍ စိုးစဉ်းမျှ ပေး၍ သိမ်းယူခဲ့ကြပါသည်။ ဤသို့ မြေသိမ်းပိုက်မှုများ အကြီးအကျယ်ဆောင်ရွက်ခဲ့ကြပြီး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ချိန်မှဆိုလျှင် ပို၍တိုးတက်ဆောင်ရွက်လာခဲ့ကြသည်။ ကရင်တို့၏မြေများကို ဗဟိုအစိုးရ က သိမ်းပိုက်နေခြင်းဖြစ်ပြီး များသောအားဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံခြားကုမ္ပဏီများ၊ သို့မဟုတ်စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြန်၍ ရောင်းစားနေကြသည်။
ယခု ပြုပြင်ပြောင်းလဲမှုများသည် ဒီမိုကရေစီမကျလှသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှ ဖြစ်ပေါ်စတင်လာသည်ကို နိုင်ငံတကာ စောင့်ကြည့်လေ့ လာသူအများမေ့လျော့နေကြပါသည်။ ဤဖွဲ့စည်းပုံရေးဆွဲစဉ်ကလည်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များက တိုင်းရင်းသား အခွင့်အရေး၊ ကာကွယ်ပေးမှုဆိုင်ရာ၊ တိုင်းရင်းသား လူမျိုးစုများအတွက် တစ်စုံတစ်ရာသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် တောင်းဆိုတင်ပြသမျှအချက်များကို ငြင်းပယ်ခံခဲ့ကြရပါသည်။
အထောက်အထား မှတ်တမ်းမှတ်ရာများစွာရှိလင့်ကစား၊ မြန်မာ့တပ်မတော်က အမှားအယွင်း ပြုထားသမျှ၊ လူသတ်ခဲ့ သမျှ၊ မုဒိမ်းပြုကျင့်ခဲ့သမျှ၊ နှိပ်စက်ညှဉ်းပမ်းခဲ့သမျှ၊ လူအများကိုကန်ပြုခဲ့သမျှ လုပ်ရပ်များအပေါ် တောင်းပန်ခြင်း၊ သို့မဟုတ် အခြားနည်းများဖြင့် အသိအမှတ်ပြုခြင်းလည်း ယခုတိုင်မရှိသေး ပါ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးတွင်ဖြတ်ကျော်ရန် အခက်အခဲများစွာ ရှိတတ်ကြပါသည်။ သို့သော်လည်း
မြန်မာနိုင်ငံတွင်ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်ကြည့်သည့်အခါ၊ ယခုဆောင်းပါးတွင် ဥပမာအဖြစ် ကျွန်မဖော်ပြခဲ့ သကဲ့သို့။ အစိုးရ၏ ရိုးသားမှုအပေါ် သံသယပွားဖွယ်၊ စနစ်တကျလုပ်ဆောင်နေမှုပုံစံများ ပို၍ ထင်ရှားစွာတွေ့မြင်လာနေ ရပါသည်။
ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများက နောက်ဆုံးမြန်မာစစ်အစိုးရ မနေသာတော့ဘဲ၊ အပြောင်းအလဲကို လက်ခံ လာရအောင် ပြုနိုင်ခဲ့ပါသည်။ သို့သော်ဤသို့ပြုပြင် ပြောင်းလဲမှုမှာ နိုင်ငံတကာဖိအားများလျှော့ကျ လာ ရလေအောင် အနည်းဆုံး လိုက်လျောလုပ်ဆောင်မှုသာ ဖြစ်ပါသည်။
ယင်းတို့အနက် တောင်းဆိုချက်တစ်ခုမှာ လက်နက်ကိုင်တိုက်ပွဲများ နိဂုံးချုပ်အဆုံးသတ်စေရေးပင်ဖြစ်သည်။ သို့အတွက်ကြောင့်ပင် မြန်မာအစိုးရက အလျင်စလို၊ လူသိရှင်ကြားဖြင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီး ဆောင်ရွက်လို နေခြင်းပင်ဖြစ်သည်။
နိုင်ငံတကာမိသားစုထံမှ အဓိကတောင်းဆိုချက်မှာ အပစ်အခတ်ရပ်စဲရေးပင်ဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ အတွက် တရားမျှတမှု၊ သူတို့၏အခွင့်အရေးများ ရရှိရေး မဟုတ်ကြပါ။ အပစ်အခတ်ရပ်စဲရေး တစ်ခုသာ ဆိုလျှင်ပြဿနာ၏ လက်္ခဏာကိုသာ ကုသနိုင်ပေလိမ့်မည်။ အခြေခံရင်းမြစ်ကို ပျောက်ကင်း စေမည် မဟုတ်ပေ။ နိုင်ငံရေး အဖြေမပါသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဖြင့် ပဋိပက္ခကို ချုပ်ငြိမ်းစေ မည်မဟုတ်ပါ။
အကယ်၍သာ နိုင်ငံတကာ မိသားစုက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမှန်တကယ် ကူညီပံ့ပိုးလိုပါက ၎င်း၏ အခြေခံရပ်တည်ချက်မှာ ရေရှည် နိုင်ငံရေးအဖြေကို ဖြေရှင်းရန်ပင်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး မဟုတ်ပါ။ မြန်မာအစိုးရက ယခင်က ပစ်ခတ်နေသလို ကျွန်မတို့ကို သိပ်ပြီ း ပစ်ခတ်တော့မည် မဟုတ်ပါ။
သို့တိုင်အောင် မြန်မာအစိုးရက ကရင်ပြည်သူများကို အခြား နည်းပရိယာယ်များသုံး၍ ဆက်လက် စစ်ဆင်နွှဲနေမည်ကို သိနေကြပါသည်။ ဤသို့ဆက်လက်ပြုကျင့်နေသမျှကာလပတ်လုံး လက်နက်ကိုင် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်ပါသေးသည်။ နိုင်ငံတကာမိသားစုက လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသိအမှတ်ပြုထားပြီး ရင်းမြစ်များ ထောက်ပံ့ထည့်ဝင်မှုလည်း ရှိနေပါသည်။ သို့ဆိုလျှင် သူတို့ကိုယ်တိုင်၏ ဂုဏ်သိက္ခာ အတွက်ပါ အရေးပါနေပြီဖြစ်သည်။ သို့အတွက်ကြောင့်ပင် ဖြစ်ပေမည်။ သူတို့က စစ်ပွဲများကြောင့် ထိခိုက်နစ်နာခဲ့ရသည့်ပြည်သူများ၏ သတိတရားနှင့် စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုပစ်ပယ် လိုနေကြသည်။
သို့သော် ဤသို့ပစ်ပယ်ရုံ မျှဖြင့် ပြဿနာများက ဖြေရှင်းပြေလည်သွားလိမ့်မည် မဟုတ်ပေ။ မိမိတို့ကရင်များ အနေဖြင့် အတိတ်တွင်နေထိုင်ကြသူများမဟုတ်။ အတိတ်မှ သင်ခန်းစာယူ သင်ယူနေကြသူများသာ ဖြစ်ပါသည်။ ကျွန်မတို့က အခြားသူများထက်ပို၍ ငြိမ်းချမ်းရေးကို လိုလားကြပါသည်။ မြန်မာအစိုးရ၏ မည်သည့်ဝန်ကြီး ထက်မဆို၊ မည်သည့်နိုင်ငံခြားသား ကူညီရေးဝန်ထမ်းတစ်ဦးထက်မဆို၊ “ငြိမ်းချမ်းရေးကျွမ်းကျင်သူ” ဟု သူတို့ကိုယ်သူတို့ ခေါ်ဆိုနေကြသူများ ထက်မဆို၊ အောင်မြင်ကျရှုံး အန္တရာယ်ကို ပို၍ရင်မှာ ပိုက်ထားကြရသူများ ဖြစ်ပါသည်။
ဤကိစ္စမှာ ကျွန်မတို့၏ မြေအရေး၊ အိမ်အရေး၊ အနာဂတ်အရေးနှင့် လူမျိုးစုတစ်ခုအဖြစ် ရှင်သန်ရေးကိစ္စ ဖြစ်ပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကို အသိဆုံးသူတို့မှာ ပဋိပက္ခစစ်ပွဲများ ကြံုတွေ့နေရသည့် ပြည်သူတို့သာဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုထက်ပို၍သိမြင် ကြကြောင်း အသိအမှတ်ပြု ရတော့မည့်အချိန်ပင်ဖြစ်ပါသည်။ ကျွန်မတို့၏ အကြောက်တရားများနှင့် စိုးရိမ်ပူပန်မှုများသည် ကျိုးကြောင်းဆင်ခြေ ခိုင်လုံသည့်ကိစ္စများဖြစ်ပါသည်။ ၎င်းင်းတို့ကို ဆက်၍လျစ်လျူရှု ထားပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အကြီးကျယ်ဆုံးခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာလိမ့် မည် ဖြစ်ပေသည်။
http://karennews.org/2013/10/listen-to-us-stop-ignoring-our-concerns.html
(ယခုုဆောင်းပါးသည် စာရေးသူ၏ အာဘော်နှင့်အမြင်များသာ ဖြစ်ပါသည်။)