ကရင်လူငယ်အစည်းအရုံး(KYO) ကော့မူးရာအထူးဒေသက မြန်မာပြည်တွင်း အခြေစိုက်ရုံး ဖွင့်လှစ်ရန်နှင့် လူထုအခြေခံ ကျန်းမာရေးသင်တန်းထပ်မံ ဖွင့်လှစ်ရန် အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်သော ၎င်းတို့ ၏ နှစ်လတစ်ကြိမ် ပုံမှန်အစည်း အဝေးတွင် ဆုံးဖြတ်လိုက်သည်။
KYO ကော့မူးရာအထူးဒေသ ဥက္ကဌ စောကျန်းပီက “ဒီပုံမှန်အစည်းအဝေးမှာ အဓိက ဆုံးဖြတ်ချက်ချတာက မြဝတီမြို့နယ်ထဲမှာ ရှိတဲ့ နဒီလင်းမြိုင်နဲ့ ချောင်းဆုံကျေးရွာတွေမှာ ကျန်းမာရေးသင်တန်းရယ်၊ ကေဝိုင်အို(ကော့မူးရာ)အထူးဒေသရဲ့ ရုံးဖွင့်လှစ်နိုင်ဖို့ ကို ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆုံးဖြတ်ချက်အရ မတ်လက KYO ကော့မူးရာအထူးဒေသမှ နဒီလင်းမြိုင်၌ ဖွင့်လှစ်ခဲ့သော အခြေခံလူထု ကျန်းမာရေးသင်တန်း ၆ လ ပို့ချပေးခဲ့ပြီးနောက် အလားတူသင်တန်းမျိုး ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သလို ပထမဆုံး ပြည်တွင်းရုံးကိုလည်း အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်သွားမည်ဟု KYO ကော့မူးရာအထူးဒေသက ဆိုသည်။
အစည်းအဝေးတွင်KYO ကော်မူးရာအထူးဒေသ၏ အကြံပေး နာယကကြီး ၉ ဦး အပါအဝင် အလုပ်အမှု ဆောင်များ၊ ခရိုင်နှင့် မြို့ နယ်ကိုယ်စားလှယ်ပေါင်း ၃၅ ဦး တက်ရောက်၍ ၎င်းတို့၏ လက်ရှိလုပ်ဆောင် နေမှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည့်အပြင် ဆုံးဖြတ်ချက်နှစ်ခုကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
တွဲဖက်အတွင်းရေးမှူး စောဖော့ထိုင်ခလိန်းက “အစည်းအဝေးမှာ ကျနော်တို့ ဆုံးဖြတ်ချက်အတိုင်း လုပ်ငန်း တွေကို ဆက်လက်ဆောင်ဖို့ပေါ့နော်။ နောက်တစ်ခုက KYO (ဗဟို)ရဲ ့ ဦးဆောင်လမ်းညွန်မှုအတိုင်း လူငယ်တွေကို ဆက်လက် ပညာ ပေးစည်းရုံးလုပ်ဆောင်သွားဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။”ဟု ပြောသည်။
KYO ကော့မူးရာအထူးဒေသသည် KYO (ဗဟို)၏လက်အောက်ခံအဖွဲ့တစ်ခုအဖြစ် ရပ်တည်လျှက်ရှိပြီး ၁၉၆၉ ခုနှစ်၊ မတ်လ၂၀ ရက်နေ့၌ ကေကားထာ့ရွာအနီးရှိ နယ်ခြားကုန်စည်ရောင်းဝယ်ရေး ဂိတ်စခန်းတွင် ကော့မူး ရာအထူးဒေသနာမည်ဖြင့် သတ်မှတ်ခေါ်ဆိုပြီးနောက် ၁၉၇၁ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့တွင် KYO ကော့မူးရာအထူးဒေသဖြင့် တရားဝင် စတင်ဖွဲ့စည်းသတ်မှတ်ခဲ့သည်။