ရန်ကုန်တွင် တတိယမြောက် ဗုံးတွေ့ရှိမှုအပြီး မန္တလေးမြို့ ၁၆ လမ်းနှင့်လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက် ဆိုင်တွင် အမေရိကန်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး ညနေ သုံးနာရီအချိန်တွင် ရှင်းလင်းဖျက်စီး ခဲ့ကြောင်း အဆိုပါ ဗုံးကို ရှင်းလင်းခဲ့သူ စစ်မြေပြင် အထူးမှိုင်းရှင်းလင်းရေးအဖွဲ့မှ ဗိုလ်ကြီး ဝေယံထွန်းက မဇ္ဈိမကို အတည်ပြုပြောသည်။
"M.67 အမေရိကန်လုပ် လက်ပစ်ဗုံးပါ။ AA ဓါတ်ခဲ ခြောက်လုံး စားပွဲတင်နာရီ တစ်လုံးနဲ့ လျှပ်စစ်စနက်တံ ယမ်းပါ တစ်ချောင်းတွေ့ရှိတယ်။ အဲဒါတွေကို ရှင်းလင်းဖျက်စီးလိုက်ပါတယ်"ဟု ဗိုလ်ကြီးဝေယံထွန်းက ပြောသည်။
အောက်တိုဘာ ၁၄ နံနက် ၁၀ နာရီခန့်က အလုံမြို့နယ် ကမ်းနားလမ်းရှိ WESTERN PARK RUBY စားသောက်ဆိုင်၏ စားပွဲနံပါတ် ၁၉ အောက်တွင် တွေ့ရှိအပြီး နှစ်နာရီအကြာ မန္တလေးမြို့ ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် ထပ်မံတွေ့ရှိခြင်းဖြစ်သည်။
မန္တလေးမြို့ ရွှေဘဲ စားသောက်ဆိုင်တွင် တွေ့ရှိမှုမှာ နံပါတ် ၁၄ တွင် လာရောက် စားသောက်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှ အထုပ်တစ်ထုပ်ကျန်ခဲ့ရာ စားပွဲထိုးက လိုက်ပေးသော်လည်း ကားဖြင့် ထွက်သွားသောကြောင့် ၁၆လမ်းထောင့်သို့ သွားရောက်ထားကာ အမှတ် ၅ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး က ဆိုသည်။
"ကျွန်တော်တို့ လုံခြံုရေးကို တိုးမြှင့်ချသွားမယ်။ ဖြစ်စဉ်အမှန် သိအောင်လည်း တိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖေါ်ထုတ်သွားမယ်" ဟု ဦးတင်ဇော်မိုးက ပြောသည်။
တွေ့ရှိသည့်မိုင်းကို နယ်မြေခံရဲများနှင့် အမှတ် ၁ စစ်မြေပြင် အထူးမှိုင်းရှင်းလင်းရေး အဖွဲ့တို့ရောက်ရှိလာရာ နောက်ဆက်တွဲမှိုင်းရှာဖွေရေးများပြုလုပ်ခဲ့ကြပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြံုရေးရာ ဝန်ကြီး၊ အမှတ် ၃ စစ်ဗျူဟာမှုး မန္တလေး တိုင်းရဲတပ်ဖွဲ့မှုးနှင့် ခရိုင်အုပ်ချုပ်ရေးမှုးတို့လည်း သွားရောက် စစ်ဆေးခဲ့သည်။
ယင်းအပြင် ညနေ ၄ နာရီခွဲ တွင် လည်း မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်၊ ၆၂လမ်း၂၉နှင့် ၃၀ကြားတွင် လည်း ဗုံးဟုယူဆရသော အထုပ်တစ်ထုပ်ကို စည်ပင်သန့်ရှင်းရေးဝန်ထမ်းမှ တွေ့ရှိသောကြောင့် သွားရောက်ရှာဖွေခဲ့ရာ စာအုပ်နှင့် အဝတ်အစားများထည့်ထားသော အထုပ် ဖြစ်နေသည်။
အောက်တိုဘာ ၁၃ ရက်ကလည်း ရန်ကုန်တွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူသေဆုံးခြင်း မရှိပေ။ အောက်တိုဘာ ၁၄ ရက်နေ့တွင်မူ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်ကလည်း တောင်ငူမြို့တွင် ဗုံးပါက်ကွဲမှုဖြစ် ပေါ်ခဲ့ရာ လူနှစ်ဦး သေဆုံးသွားခဲ့သည်။