၈ နှစ်ခန့်ရပ်နားထားရသည့် သျှမ်းနိုင်ငံရေးဂျာနယ် ပြန်လည်ထုတ်ဝေမည်

၈ နှစ်ခန့်ရပ်နားထားရသည့် သျှမ်းနိုင်ငံရေးဂျာနယ် ပြန်လည်ထုတ်ဝေမည်
by -
သျှမ်းသံတော်ဆင့်

၂၀၀၅ ခုနှစ်ကတည်းက ရပ်ထားသည့် Shan State Journal ခေါ် ဇင့်တိုင်း စာစောင် ယခုလ အတွင်းပြန် လည်ထုတ်ဝေတော့မည်ဟု အယ်ဒီတာအဖွဲ့ဝင် ဆရာဟိန်းကာယန်းက ပြောသည်။

အောက်တိုဘာအတွင်း ပြန်လည်ထုတ်ဝေတော့မည့် ဇင့်တိုင်းစာစောင်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သတင်းများအပြင် ဒေသန္တရသတင်းများကို သျှမ်းဘာသာဖြင့် တစ်လနှစ်ကြိမ်ထုတ်ဝေသွား မည်ဟုပြော သည်။

“ဇင့်တိုင်းဂျာနယ်က SSJAC ကနေထုတ်ဝေတာလေ။ ၂၀၀၅ တုန်းက JAC ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဥက္ကဌကြီးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊  ဗိုလ်ချုပ်ဆေထင်တို့ ထိမ်းသိမ်းခံရတယ်။ သျှမ်းပြည်အမျိုးသား တပ် မတော်ခေါင်းဆောင် ဗိုလ်မှူးကြီးကန်းယွက် ဆုံးသွားတယ်။  ဒီအကြောင်းကိစ္စတွေကြောင့် ဂျာနယ် ထုတ်ဝေမှုရပ်ဆိုင်းသွားရတယ်” - ဟု အယ်ဒီတာ ဆရာဟိန်းကာယန်းက ပြောသည်။

စာပေယဉ်ကျေးမှုထိမ်းသိမ်းရေး၊ နိုင်ငံရေးအသိအမြင်ကြွယ်ဝရေး၊ ဖြစ်ပျက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် များအား လူထုအားကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် ဦးစားပေးထုတ်ဝေသွားမည်ဖြစ်သောကြောင့် ဇင့်တိုင်းစာစောင်အား စာနယ်ဇင်းထံ မှတ်ပုံတင်မည်မဟုတ်ကြောင်း ပြောပါသည်။

“ဇင့်တိုင်းစာစောင်က ဖတ်လို့ကောင်းတယ်၊ ပညာပေးဇါတ်လမ်းတိုလေးတွေပါတယ်။ နိုင်ငံရေးကဏ္ဍ၊ ပညာ ရေးကဏ္ဍ၊ စစ်ရေးကဏ္ဍလေးတွေပါတော့ ကျနော်တောင်သိမ်းထားတယ်။ အခုလို ပြန်ထွက်မယ် ကြားလို့ ဝမ်းသာတယ်ဗျာ” - ဟု စာဖတ်ပရိသတ် လားရှိုးသား စိုင်းဇင့်မိန်း က ပြောသည်။

ဇင့်တိုင်းစာဆောင်အား အုပ်ရေ ၃၀၀၀ ဖြင့် ပြန်လည်ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ မြို့နယ် စာပေယဉ် ကျေးမှု ရုံးများမှတဆင့် အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အယ်ဒီတာ ဆရာဟိန်းကာယန်းက ပြောသည်။

လက်ရှိတွင် သျှမ်းဘာသာဖြင့် တရားဝင် ထုတ်ဝေသည့် စာစောင်က သျှဲန်ပိုင်း ဂျာနယ် တစ်ခုတည်း သာရှိသည့်အပြင် အခြားသော ဘာသာရေးစာစောင်၊ စာပေယဉ်ကျေးမှုစာစောင်၊ ဗဟုသုတ ပညာပေး စာစောင်များရှိ သော်ငြားလည်း၊ တစ်လတကြိမ်၊ ၆ လတကြိမ်၊ တစ်နှစ်တစ်ကြိမ်စာအုပ်စာစောင်များ ဖြစ်သောကြောင့် လူထုကြား ကျယ်ကျယ် ပျံ့ပျံ့ ဖြန့်ချိနိုင်ခြင်းမရှိပေ။