ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ယခုလကုန် ကျင်းပရန်ရှိသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ၌ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနှင့် ပတ်သက်သည့် ဘုံသဘောတူညီချက်များ ချမှတ်နိုင်မည်ဟု ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ သဘောထားတွေအပေါ် ဘုံသဘောတူညီမှုတစ်ခုကို ချမှတ်နိုင် အောင် ညှိနှိုင်းဆုံးဖြတ်နိုင်ကြမယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ လူတွေတက်တဲ့ ထိပ်သီးဆွေးနွေးပွဲ ဖြစ်တဲ့အတွက် အချိန် မဆွဲတော့ဘူး။ အစိုးရက ပြင်ဆင်နေတဲ့ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ “ဖြူ” ဆိုရင်းလည်းအားလုံး “ဖြူ” ကြမယ်။ “မဲ” ဆိုရင်လည်း အားလုံး “မဲ” ကြမယ်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္စျိမသို့ ပြောသည်။
ထိုအစီအစဉ်ကိုလည်း KIO အဖွဲ့မှ လက်ခံ သဘောတူထားပြီးဖြစ်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ ဘုံသဘောတူညီမှုတစ်ခု ထားရှိကာ ထိုမူဖြင့် ချဉ်းကပ်သွားမည်ဖြစ်ကြောင်း KIO အဖွဲ့၏ နည်းပညာ အထောက် အကူပြု အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်းခါးကလည်း အတည်ပြု ပြောကြားခဲ့သည်။
“UNFC အဖွဲ့က ချမှတ်ထားတဲ့ မူတွေက အားလုံးအတွက် အကျံုးဝင်တယ်ဆိုပေမယ့် ပိုပြီးတော့အကျံုးဝင်တဲ့ အနေ အထားရောက်အောင် လုပ်ရမယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးဖို့ အစိုးရ ရဲ့စီမံချက် ကိုလည်း ကျွန်တော်တို့ တောင်းထားတယ်။ အဲဒါရရင် ရှင်းရှင်းလင်းလင်းသိပြီး တိုင်းရင်းသား အားလုံးရဲ့ ဒီအပေါ်မှာ ဘုံသဘော တူညီမှုထားရှိကာ ဒါနဲ့ အစိုးရကို ချဉ်းကပ်သွားမယ်”ဟု ဆရာဒေါင်ခါး က ပြောသည်။
အစည်းအဝေးကျင်းပရန်လည်း ပြီးခဲ့သည့် အစိုးရကိုယ်စားလှယ်များနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့၌ တွေ့ဆုံခဲ့ကြစဉ် တင်ပြတောင်းဆိုထားပြီး အစိုးရဘက်မှလည်း ခွင့်ပြုကြောင်း ဆွေးနွေးပွဲအပြီးနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၂၅ ရက်နှင့် ၃၁ ရက်ကြားတွင် ကျင်းပရန် စီစဉ်ထားကာ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့အပါအဝင် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ခန့်၏ ထိပ်သီး ခေါင်းဆောင် များ လည်း တက်ရောက်ရန် ဖိတ်ကြားသည်။
UNFC အဖွဲ့တွင် ယခင်၌ ၁၁ ဖွဲ့သာရှိပြီး အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ဦးဆောင်ကော်မီ တီ အစည်းအဝေး၌ပင် ဒီမိုကရက်တစ်နှင့်အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) ကိုးကန့် အဖွဲ့အား အဖွဲ့ဝင် သစ်အဖြစ် ယာယီလက်ခံခဲ့ပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“လိုင်ဇာ” ထိပ်သီးဆွေးနွေးပွဲကို UNFC အဖွဲ့ဝင်များအပြင် အဖွဲ့ဝင်မဟုတ်သည့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA၊ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဒီမိုကရေစီအကျိုးပြု ကရင်အမျိုး သားတပ်မတော် DKBA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ မိုင်းလားအဖွဲ့နှင့် အခြားအဖွဲ့များလည်း တက်ရောက်မည်ဖြစ်သည်။