စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း မြန်မာစစ်ယူနီဖောင်းဝတ် လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
“ကျနော်တို့ မြစ်ဆိပ်က သုံးနေရာရှိတယ်။ ဟော်နားဆိပ်၊ နားလိန်းဆိပ်၊ နားဝိန်းဆိပ်ဆိုပြီးတော့။ တိုက် ပွဲ ဖြစ်တာက နားဝိန်းဆိပ် ကပေါ့။ အခုတွေ့တဲ့အလောင်းတွေက အစိုးရတပ်က စစ်ဝတ်စုံတွေနဲ့ဘဲ။ တိုက်ပွဲမှာကျတဲ့ စစ်သားတွေဘဲ” - ဒေသတွင်းရပ်ရွာအကြီးအကဲ တဦးက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တစ်လောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တစ်လောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောသည်။
လှေသမား တဦးက “ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တစ်လောင်း ပေါ်တယ်။ ရေဂိတ်ကျောက် ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု ပြောသည်။
အောက်တိုဘာ ၁ ရက်နေ့ကလည်း အစိုးရစစ်တပ် ခမရ ၅၀၄ က မိုင်းယင်အုပ်စု မိုင်းယင် ဘုန်းကြီး ကျောင်းတိုက်တွင် တိုက်ပွဲကျ တပ်သားများအတွက် ရည်စူးကာ အလှူအတန်းပြုလုပ်ပေးကြကြောင်း၊ မြစ်ချောင်းအတွင်းမျောပါသည့် အလောင်းများနှင့်စပ်ဆိုင်သည်ဟု ထင်ရကြောင်း မိုင်းယင်ကျေးရွာ အုပ်စုမှ ရပ်ရွာအကြီးအကဲတဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နေ့က အစိုးရတပ် အင်အား ၅ ရင်းက နမ္မတူမြစ်တောင် ဘက်ခြမ်းမှ တဘက်ကမ်းသို့ကူးကာ သျှမ်းပြည်တပ်မတော်မြောက်ပိုင်းအမည်ရ SSPP/SSA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့တွင်လည်း နမ္မတူမြစ်မြောက်ဘက်ခြမ်း ဝမ့်ဆာလုံအုပ်စု ဝမ့်လွတ်လုံရွာအနီးအတွင်လည်း SSPP/SSA တပ်နှင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ်အစိုးရနှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပဏာမအဆင့် အပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ဆိုသည့် နောက်ပိုင်းအစိုးရတပ်က သဘောတူညီချက် မလိုက်နာဘဲ ဆင်နွဲခဲ့သည့် တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ရှိ ကြောင်း၊ တုန့်ပြန်သည့်အနေဖြင့် RCSS/SSA ဘက်မှ ပြန်လည်တိုက်ခိုက်သည့် တိုက်ပွဲပေါင်း ၁၁ ကြိမ် ရှိကြောင်း - စသည့်အချက်များပါ အပစ်ရပ်ခရီးပြန်လည်သုံးသပ်သည့် အစီရင်ခံစာ တစ်စောင်RCSS က ယခုရက်ပိုင်းတွင် ထုတ်ပြန်ရာတွင် ဖေါ်ပြထားသည်။