သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော်(RCSS/SSA) ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာလ(၁) ရက်က ၎င်းတို့ဌာနချုပ်ရှိရာ ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျန် ဒေသတွင် ပြုလုပ်ပြီးနောက် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ထုတ်ပြန် လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် အစိုးရနှင့် RCSSတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီး နှစ်နှစ်တာ ကာလ အတွင်း အခြေအနေများကို အဓိက သုံးသပ်ထားပြီး RCSS ၏ ငြိမ်းချမ်းအရေးအတွက် ဆက်လက် အကောင်အထည် ဖော်မည့် အစီအစဉ်တစ်ချို့ ပါဝင်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကို ပြန်လည်ဖွဲ့စည်း လိုက်ပြီး အသစ်ပြန်လည်ဖွဲ့စည်းထားသော ကော်မတီတွင် သျှမ်းပြည်ဒေသခံများအနေဖြင့် လက်တွဲပူးပေါင်း ပါဝင်ရန် RCSS က ဖိတ်ခေါ်လိုက်သည်။
ထိုကော်မတီ၏ အဓိက ရည်ရွယ်ချက် နှစ်ချက်သည် သျှမ်းပြည်စည်းလုံးညီညွတ်မှု တည်ဆောက်ရန်နှင့် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန်ဖြစ်သည်။
ထို့အပြင် RCSS အနေဖြင့် အစိုးရ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပွဲ ကို ထောက်ခံအားပေးသည်ဟုလည်း ထုတ်ပြန်ထားသည်။
အစိုးရအနေဖြင့် ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရန် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ပြည်ထောင် စုဝန်ကြီးဦးအောင်မင်းက သြဂုတ်လ ၈ ရက်က ချင်းမိုင်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် UNFC နှင့် UNFC ထဲတွင်ပါဝင်သော အဖွဲ့အများစုနှင့် ထိုသို့ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးကို လက်မှတ်ထိုးရန် သဘောတူညီမှုမရရှိသေးပေ။
UNFC အနေဖြင့် လက်မှတ်ထိုးပွဲကို တက်ရောက်မည်မဟုတ်သော်လည်း လေ့လာသူအဖြစ်သာ တက်ရောက်မည်ဟုလည်း ထုတ်ဖော် ပြောကြားပြီးဖြစ်သည်။
ထို့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အနေဖြင့်လည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်မထိုး ရန် ကချင်အဖွဲ့များအနေဖြင့် တွန်းအားပေးမှုများရှိနေသည်။
လက်ရှိတွင် KIO၊ တအောင်း(ပလောင်) ပြည်လွတ်မြောက်ရေးအဖွဲ့(PSLF/TNLA) တို့နှင့်မူအပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးမထိုးရသေးပေ။
ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို RCSS အနေဖြင့် ထောက်ခံအားပေးကြောင်း ၎င်း၏ အစည်းအဝေး ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့သော် အစိုးရနှင့် RCSS တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နှစ်နှစ်အတွင်း ယခုနှစ် စက်တင်ဘာလ အထိ တိုက်ပွဲပေါင်း ၁၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
ထိုသို့ဖြစ်ပွားခဲ့သော RCSS ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ ၁၃၃ကြိမ်တွင် ၁၂၂ ကြိမ်သည် နှစ်ဖက် သဘောတူညီချက် များကို ချိုးဖောက်ပြီး တပ်မတော်မှ စစ်ရေးအရ စစ်ဆေးရေးဆောင်ရွက်ကာ တိုက်ခိုက် ခဲ့ခြင်းကြောင့်ဖြစ်ပွားခဲ့ပြီး ကျန် ၁၁ကြိမ်သည် RCSS/SSA နယ်မြေသို့ အစိုးရတပ်များ စစ်ဆင်ရေးပိုမို ဆောင်ရွက်ခြင်းကြောင့် တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
အစိုးရနှင့် တပ်မတော်သို့ နှစ်ဖက်တိုက်ပွဲများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဖြေရှင်းပေးရန် RCSS/SSA က စာဖြင့်သော်လည်းကောင်း၊ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သော်လည်း ကောင်း အကြိမ်ကြိမ်တောင်းဆိုသော်လည်း အစိုးရဘက်မှ ပြန်လည်အကြောင်းပြန်ကြားခြင်းမရှိဟုဆိုသည်။
သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ၂ ရက်တွင် ပဏာမ အပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ကို ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။