လင်ယောက်ျားသေဆုံးသွားသည့် အမျိုးသမီးများကို သမ္မတ ထောက်ပံ့မည်

လင်ယောက်ျားသေဆုံးသွားသည့် အမျိုးသမီးများကို သမ္မတ ထောက်ပံ့မည်
by -
မဇ္စျိမ

အမျိုးသား အိမ်ထောင်ဦးစီးသေဆုံးသွားပြီးနောက် မိသားစုကို ဦးဆောင်နေရသော အမျိုးသမီးများကို သမ္မတ ဦးသိန်းစိန်က ထောက်ပံကြေးပေးသွားရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှက မဇ္ဈိမကို ပြောသည်။

နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအား တရားဝင်ကြေညာခဲ့သည့် ပွဲအပြီးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါကိုလုပ်ဖို့ မူဝါဒကို တင်ထားပြီးပါပြီ၊ လူဦးရေ စစ်တမ်းတွေ ကောက်ယူဖို့လိုနေသေးလို့ တရားဝင် မပြောခဲ့တာပါ။ သမ္မတကြီးကလည်း တစ်ဦးတည်းရုန်းကန်နေရတဲ့ မုဆိုးမတွေကို သနားတာကြောင့် ထောက်ပံ့ ပေးဖို့လုပ်တာပါ” ဟု ဒုတိယညွန်ကြားရေးမှူးချူပ် ဦးအောင်ထွန်းခိုင်က ပြောသည်။

ထောက်ပံ့ကြေးများအား နှစ်စဉ်ပေးသွားမည်ဖြစ်ပြီး လူဦးရေ စာရင်းများကို ၂၀၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိသောအချက်များမှ အသုံးပြုမည်ဖြစ်သည်။

ထို့အတူ ၂၀၀၉ ခုနှစ်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုးသမီး အိမ်ထောင် ဦးစီးများကို အနိမ့်ဆုံး ကျပ်ငွေတစ်သိန်းနှစ်သောင်းခန့်မှစ၍ ထောက်ပံ့ကြေး ပေးနေသော စီမံကိန်း လည်း ရှိနေသည်။

အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးမြှင့်တင်ရန်အတွက် ယနေ့ကြေညာခဲ့သည့် အမျိုးသမီးများ ဖွ့ံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းနှင့်အတူ ပူးပေါင်းလုပ် ဆောင်ကြမည်ဖြစ်သည်။

ထိုမဟာဗျူဟာ စီမံကိန်းသည် ၂၀၁၃ မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာ ပြုလုပ်မည့် စီမံကိန်းတခုဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မတန်းတူညီမျှရေး ကွန်ရက်တို့မှ နည်းပညာပိုင်းဆိုင်ရာ ကူညီမှု များဖြင့် ပြည်တွင်းပြည်ပမှ အင်ဂျီအိုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့ ကွန်ရက်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအပါ၀င် အဖွဲ့အစည်းပေါင်း ၅၀ ကျော်တို့က ပူးပေါင်း ရေးဆွဲခဲ့ကြသည်။

မဟာဗျူဟာသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ပါ အခြေခံမူများ နှင့် ဘေဂျင်းလုပ်ငန်းစီမံချက်များပါ အဓိကလုပ်ငန်းနယ်ပယ် ၁၂ ချက်ကို အဓိက ရေးဆွဲထားသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်မှာ သဘောတူလတ်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်ကလည်း အမျိုးသမီးရေး ရာ ကိစ္စရပ်များ အတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များအား ထိုကော်မတီမှ ချမှတ်ပေးလေ့ရှိပြီး ယခု မဟာဗျူဟာကိုလည်း အမျိုးသမီး ရေးရာကော်မတီ၏ အဓိကဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့စည်းများက ပြုလုပ်ခဲ့ခြင်းကြောင့်ဟု အဆိုပါပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီစီမံကိန်းကို ရေးဆွဲပြဋ္ဌာန်းတဲ့အတွက် စီဒေါစာချုပ်ရဲ့ အဓိကမူဝါဒ သုံးခုဖြစ်တဲ့ တန်းတူညီမျှမှုရှိခြင်း၊ ခွဲခြားဆက်ခံမှု မရှိခြင်းနဲ့ နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားနဲ့ ဘေဂျင်းကြေညာစာတမ်းက ချမှတ်ထားတဲ့ လုပ်ငန်းဧရိယာ ၁၂ ရပ်ကို အမျိုးသမီး ရေးရာက အလေးထားဆောင်ရွက်ခြင်းရဲ့ သက်သေပါ” ဟု ၎င်း ကဆိုသည်။

ထို့အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်ကလည်း စာချုပ်ပါအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အမျိုးသမီး များ အားအပြည့်အဝ ကာကွယ်ပေးနိုင်ရန် စာချုပ်စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်သော ဥပဒေ တစ်ရပ် ပေါ်ပေါက် လာရန်လိုအပ်နေခြင်းကြောင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ပြီး အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ဆောင့်ရှောက်ရေး ဥပဒေမူကြမ်း (Anti Violence Against Women Law)  ကို စတင်ရေးဆွဲနေပြီဟု အသိပေး ပြောကြားခဲ့သည်။

Most read this week