တိမ်ထုအတွင်း နိမ့်ဆင်းလာနေစဉ်လေယာဉ်ကြီးမှာ အနည်းငယ်တုန်ခါသလိုရှိလိုက်သည်။ ကျွန်တော်က ခါးတွင် ပတ်ထားသည့် ခါးပတ်ကိုလက်နှင့် စမ်းကြည့်မိသေးသည်။
ယခုအခါ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်လေဆိပ်ကို လေယာဉ်ဆင်းတော့မည် ဖြစ်သည်။ မိုးစင်စင်လင်းပြီ ဖြစ်သဖြင့် လေယာဉ်ကြီး၏အပြင်ဘက်ကို ကောင်းကောင်းမြင်နေရပါပြီ။ သို့သော် တိမ်ထူထပ်နေသောကြောင့် မြေပြင်ကိုမူ ရှင်းရှင်းလင်းလင်း မမြင်ရသေး။
ကျွန်တော့်မျက်လုံးများက ကိုပင်ဟေဂင်မြို့ကို လိုက်ရှာနေမိသည်။ အကယ်၍များ ကိုပင်ဟေဂင်မြို့ပေါ် လေယာဉ် ရောက်ရှိနေစဉ်ဖြစ်ပါက ကိုပင်ဟေဂင်မြို့ ပင်လယ်ကမ်းခြေတစ်နေရာက ကမ္ဘာကျော် ရေသူမလေးကြေးရုပ်ကို တွေ့ရလိုတွေ့ရငြားသတိထားပြီး လိုက်ကြည့်နေမိသေးသည်။
ဒီရေသူမလေးကြေးရုပ်ကို ကဗျာဆရာကြီးဒဂုန်တာရာ ဒိန်းမတ်ကိုရောက်ရှိစဉ်က လေယာဉ်ပေါ်မှတစ်ဆင့် မြင်ရလိုမြင်ရငြားလိုက်ကြည့်နေမိသေးသည်ဟု သူ၏ဧရာဝတီယန်စီဗေါ်လဂါ ခရီးသွားစာအုပ်ထဲတွင် ရေးခဲ့ဖူးသည်။ ထိုအကြောင်းကိုတွေးမိကာရေသူမလေးကြေးရုပ်ကို ကျွန်တော်လိုက်ကြည့်နေမိခြင်း ဖြစ်သည်။
ယင်းရေသူမလေးကြေးရုပ်၏ နောက်ခံအကြောင်းအရာကလည်း စိတ်ဝင်စားဖို့ ကောင်းသည်။ ဒိန်းမတ်ပုံပြင် ဆရာကြီး အင်ဒါဆင်းကရေသူမလေးအကြောင်း ပုံပြင်တစ်ပုဒ်ရေးခဲ့၏။ ပုံပြင်ထဲတွင် ရေသူမလေးသည် လူသား ဘုရင့်သားတော် မင်းသားလေးကိုတစ်ဖက်သတ်ချစ်ကြိုက်မိရာက မင်းသားလေးနှင့် နီးစပ်ခွင့်ရရေး စုန်းမကြီး တစ်ဦးကို အကူအညီတောင်းခဲ့၏။ စုန်းမကြီးက ကျိန်စာတိုက်ပြီးမှ ရေသူမလေးကို မင်းသားလေးရှေ့တော်မှောက် ကချေသည်လေးအဖြစ်ရောက်သွားအောင် ကူညီပေးလိုက်၏။ သို့သော် ကျိန်စာအရ ဆိုလျင် ရေသူမလေးမှာ မင်းသားလေး ရှေ့မှောက်ရောက်ရှိပြီး ကပြခွင့်ရသည့်အခါ သူ့ခြေ ဖဝါးများမှာ ဓါးသွားများပေါ် နင်းရသလို သွေးစက် စက်ကျ နာကျင်စွာခံရစားရမည် ဖြစ်သည်။ လျှာအ ဖြတ်ခံရမည် ဖြစ်သည်။ မိဘနှင့် အစ်မတော်များကို စွန့်လွှတ်ရ မည် ဖြစ်သည်။ ရေသူမလေးကတော့သည် လိုဒုက္ခများကို ကြိတ်မှိတ်သည်းခံကာ မင်းသားလေးနှင့် နီးစပ်နိုင်ရေး အတွက် စုန်းမကြီး၏ကျိန်စာကို လိုလိုလားလားပင် သဘောတူခဲ့၏။ နောက်ဆုံးတွင် ရေသူမလေးမှာ ကချေသည် တစ်ဦးအဖြစ် မင်းသား လေးရှေ့မှောက်တွင် ကပြခွင့်ရ၏။ သေလုမတတ်နာကျင်ရသည့် ဒုက္ခကြီးကိုလည်း ခံစားရ၏။ သို့သော် လည်း နောက်ဆုံးတွင်မူ သူချစ်သောမင်းသားလေးနှင့်မူ မပေါင်းဖက်ရရှာခဲ့ပါ။
ဒိန်းမတ်ပုံပြင်ဆရာကြီး အင်ဒါဆင်းရဲ့ ရေသူမလေးပုံပြင်စာအုပ်ကို ဆရာအံ့မောင်ကမြန်မာဘာသာပြန်ဆို ထုတ်ဝေခဲ့၏။ ထိုစာအုပ်ကို ကျွန်တော်ငယ်စဉ် အသက် ၂၀ ၀န်းကျင်ကဖတ်ခဲ့ရ၏။ “အင်ဒါဆင်းရဲ့ ရေသူမ ကျွန်မ ပါမောင်” ဟု ကဗျာတစ်ပုဒ်ထဲ ထည့်ရေးပြီးပေးခဲ့သော ကျွန်တော့်ချစ်သူ၏ စာတစ်စောင်ကို ကျွန်တော်မေ့လို့ မရ။ နောင်နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် ရေသူမလေးပုံပြင်အပေါ် ကျွန်တော်၏ ရင်ခုန်ခံစားမှုမှာ လျှော့ပြယ် သွားခြင်းမရှိခဲ့။
ဒိန်းမတ် ပုံပြင်ဆရာကြီးဖန်တီးသည့် ရေသူမလေးကို ဒိန်းမတ်ပန်းပုဆရာအက်ဗတ်အီရစ်ဆင်က ကြေးရုပ်အဖြစ် သွန်းထုကာ ကိုပင်ဟေဂင်မြို့ပင်လယ်ဆိပ်ကမ်း တစ်နေရာကကျောက်တုံးပေါ် တင်ထားပေးလိုက်၏။ ထိုအခါမှ စကာ ရေသူမလေးအပေါ်ကရုဏာသက်ကြသည့် ကမ္ဘာ့ပြည်သူများက ဒိန်းမတ်ကို ရောက်သည့်အခါ ယင်းရေသူမလေးကြေးရုပ်ကို လာရောက်ကြည့်ရှု ကြလေ့ရှိ၏။ ရေသူမလေးကြေးရုပ်သည် ဒိန်းမတ်နိုင်ငံ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းအတွက် ၀င်ငွေအကောင်းဆုံးဖန်တီးပေးနိုင်သည့် ရုပ်တုလေးအဖြစ် ထင်ရှားလာခဲ့၏။
ရေသူမလေးခမျာ ပုံပြင်ထဲတွင်သာမက အပြင်ဘက်တွင်လည်း ဘဝနာခဲ့ရရှာပါသည်။ သူ့ခမျာ ကြေးရုပ် အဖြစ် ရောက်ရှိလာခဲ့ရသည့်တိုင် လူတချို့သည်မည်သို့သော ခံစားချက်များကြောင့်ရယ်မသိ နှစ်ကြိမ် တိုင်တိုင် ဦးခေါင်းကိုဖြတ်ပြီး ခိုးယူသွားခြင်းခံခဲ့ရသေး၏။
ရေသူမလေးကြေးရုပ်ကို မတွေ့မမြင်လိုက်ရဘဲ ကျွန်တော်စီးလာသည့်လေယာဉ်ကြီးက ကိုပင်ဟေဂင်မြို့ လေဆိပ်ကို ဆင်းလိုက်သည်။ လေဆိပ်တွင် နော်ဝေသို့ထွက်မည့် လေယာဉ်ကိုတစ်နာရီနီးပါး ထိုင် စောင့်ရဦးမည် ဖြစ်သည်။ တစ်နာရီနီးပါး အချိန်ရသည့်တိုင် ကျွန်တော့်မှာကိုပင်ဟေဂင်မြို့ထဲ ၀င်လည်ခွင့် မရှိပါ။ ပြည်ဝင်ခွင့်ဗီဇာ ကျွန်တော့့်မှာ မရှိပါ။ ထို့ကြောင့် ထိုစောင့်နေရသည့် အချိန်ကလေးအတွင်း ရေသူမလေးကြေးရုပ်ကို သွားကြည့်ခွင့်ရလျှင် ကောင်း မည်ဟု တွေးမိသောအတွေးမှာ လက်တွေ့အားဖြင့် မည်သို့မျှ မဖြစ်နိုင်ခဲ့ပါ။
ကိုပင်ဟေဂင် လေဆိပ် Boarding Pass ထုတ်ယူသည့် ကောင်တာမှခွာကာ ဂိတ်နံပါတ် ၁၁ သို့ အသွား၊ လမ်းဘေး တွင် လှပသည့်စျေးဆိုင်လေးများကိုတွေ့ခဲ့ရသည်။ နံနက်စောစောဖြစ်သဖြင့် လူသွားလူလာ သိပ်ပြီးမတွေ့ရသေးပါ။
ကျွန်တော်က စျေးဆိုင်တစ်ခုထဲဝင်လိုက်သည်။ ဟိုဟိုဒီဒီ လျှောက်ကြည့်သည်။ တစ်နေရာအရောက်တွင် ခြေလှမ်း များက အလိုလိုရပ်တန့်သွားရ၏။ ကျွန်တော်တွေ့ချင်နေသည့် ပို့စ်ကတ်များကို မတ်တပ်စင် ကလေးတစ်ခုပေါ်တွင် တွေ့လိုက်ရပါပြီ။ ရေသူမလေးကြေးရုပ် ပို့စ်ကတ်များ ...။ အနားကို တိုးလိုက် သည်။ စင်ပေါ်က ယူကြည့်သည်။ ၀ယ်ချင်သည့် စိတ် ဖြစ်ပေါ်လာနေသည်။ သို့သော် ပို့စ်ကတ်များကို စင်ပေါ်ကိုသာ ပြန်တင်ထားလိုက်ရပါသည်။ ကျွန်တော့်မှာ ၀ယ်စရာပိုက်ဆံမရှိပါ။ ကျွန်တော့့် အိတ်ကပ် ထဲတွင် ထိုင်းဘတ်ငွေ ၁၀၀ ကျော်သာ ရှိသည် မဟုတ် ပါလား။
မထားချင် ထားချင်စိတ်နှင့်ပင် ရေသူမလေးပို့စ်ကတ်က စင်ပေါ်ပြန်တင်ထားလိုက်ရပြီး စျေးဆိုင်ကလေး ထဲက ခြေလှမ်းမသွက်တသွက်ဖြင့် ပြန်ထွက်လာခဲ့သည့် ကျွန်တော့်ကို ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသူ မိန်းကလေး က လိုက်ကြည့်နေသည်ကိုတော့ ကျွန်တော်သတိပြုမိခဲ့ပါသည်။