ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ဘာသာမတူသည့် လူအုပ်စုနှစ်စုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမှ အောက်တိုဘာ ၁ ရက်နေ့တွင် သပြုချိုင်ကျေးရွာ၊ ပေါက်တော၊ ရွှေလှေနှင့် တရော်တော အနောက်ဘက် ကျေးရွာများတွင် မီးရှို့မှုများဖြစ်ပေါ်ခဲ့ပြီး အိမ် ၄၄ လုံးခန့် မီးလောင်ကျွမ်းခဲ့သည်ဟု သံတွဲမြို့နယ်၊ ရဲမှူးကြီး ဦးကျော်တင့်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။
၎င်းက “နံနက်ပိုင်းက ကျေးရွာနှစ်ရွာမှာ မီးရှို့မှုဖြစ်ခဲ့တာပါ။ စုစုပေါင်း သပြုချိုင်ရွာမှာ ၁၄လုံး၊ ပေါက်တော နဲ့ရွှေလှေမှာ အလုံး ၂၀လောက် လောင်သွားတယ်။ ကျူးလွန်တဲ့လူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ ကြိုးစားနေပါတယ်။ နောက်ပြီး တရော်တော အနောက်ဘက်ကမ်းရွာမှာလဲ အိမ်ဆယ်လုံးလောက် မီးလောင်တယ်”ဟု ဆိုသည်။
လုံခြံုရေးအင်အားများ ထပ်ဖြည့်ထားသည့်အပြင် သံတွဲမြို့နယ်၊ကျောက်ကြီးကျေးရွာရှိ ဗလီတစ်လုံးနှင့် သပြုချိုင်ကျေးရွာရှိ ဗလီတစ်လုံးတို့ကိုလည်း လူအုပ်စုဖြင့် ဖြိုဖျက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော သံတွဲမြို့တွင်မူ အခြေအနေတည်ငြိမ်နေသည်ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က မဇ္ဈိမသို့ ပြောသည်။
၎င်းက “မြို့ထဲမှာတော့ အားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ။ အခုက မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာ ဖြစ်တာပါ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် သံတွဲမြို့ ဒေသခံများအနေဖြင့် နှစ်ဖက်အဖွဲ့အစည်းများကြားတွင် ကောလာဟလများ
ပျံ့နှံ့လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများ ပိတ်ထားရသည်ဟုလည်း ဆင်ဒင်ကလေးကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာတစ်ဦးက ပြောသည်။
၎င်းက “ကလေးတွေကို အိမ်ပြန်၊ ကျောင်းပြန် လွှတ်လိုက်တယ်၊ သတင်းတွေက မျိုးစုံကြားနေရတော့ ကိုယ့်အိမ်မှာကိုယ်နေတာ အကောင်းဆုံးမို့ပါ”ဟု ပြောသည်။
ပဋိပက္ခများကြောင့် သံတွဲမြို့ပေါ်စျေးနှင့် ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု သံတွဲမြို့ပေါ်ဒေသခံ ဦးအောင်သန်းက မဇ္ဈိမသို့ ပြောသည်။
သံတွဲလူမှုကွန်ရက်အဖွဲ့မှ ဦးနိုင်လင်းအောင်ကလည်း “ရွှေလှေ (သံတွဲနဲ့ တောင်ကုတ်ကြား) ကိုသွားတဲ့ ဆိုင်ကယ်တစ်စီးမှာ ရခိုင်အမျိုးသားလေးယောက်ပါသွားပြီး အကြမ်းဖက်မှု ကြံုရလို့ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရပြီး နှစ်ယောက် ပျောက်နေတယ်။ အလောင်းကိုတော့ ဆေးရုံကို ပို့ထားတယ်” ဟု မဇ္ဈိမကို ပြောသည်။
သံတွဲမြို့နယ်ရဲစခန်းက “လူသေတာနဲ့ ပတ်သက်ပြီး တိုင်ချက်ဖွင့်တာတော့ မရှိသေးပါဘူး”ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
အဆိုပါဖြစ်ရပ်များမှာ စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်က ထပ်မံဖြစ်ပွား ခဲ့သော ပဋိပက္ခများကြောင့် သံတွဲမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ မနက် ၆ နာရီ အထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည်။